Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၇

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် သင်တန်းတပ်ခွဲများက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေး ပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၉) မှ အကောင်း ဆုံး သင်တန်းသားဆုရရှိသူ သင်တန်းသား မင်းကိုကိုခန့်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသား ကျော်တိုးနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသား ဟိန်းသက်စိုးတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၆)မှ အကောင်းဆုံး သင်တန်းသူ ဆုရရှိသူ သင်တန်းသူ သဉ္ဇာထွေး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူ အေးအေးမျိုးနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ဇွန်ဖူးငုံ တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ပညာ သည်များ မွေးထုတ်ပေးရန်’’ ဟူသည့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏  ရည်ရွယ်ချက်နှင့်အညီ  လေ့ကျင့်သင်ကြား ပေးလျက်ရှိရာတွင် သူနာပြုပါရဂူဘွဲ့၊ သူနာပြု မဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက် ဆိုင်ရာနည်းပညာ သိပ္ပံဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)ရရှိသူ စုစုပေါင်း ၅၀၀၀ ကျော်ကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။

အမိတက္ကသိုလ်မှ စစ်မြေပြင်တွင် ခြေလျင်တပ်စုတစ်စုကို ဦးဆောင်တိုက်ပွဲ ဝင်နိုင်စေရန် စစ်ပညာရပ်များကို လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆေးပညာရပ်တွင်လည်း စစ်မြေပြင်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်သူပညာရှင်များ ဖြစ်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့ လုပ်ငန်းခွင်က ရရှိလာမည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ကျွမ်းကျင် ကူညီ ဆေးစစ်သည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်သားမိသားစုဝင်များ၊ တိုင်းရင်းသား ပြည်သူလူထုများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း။

မိမိတို့တပ်မတော် လျှောက်လှမ်းခဲ့သည့် သမိုင်းစဉ် တစ်လျှောက်တွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် တပ်မတော်သားသူနာပြုများသည် အထက်မှ ပေးအပ်သည့် တာဝန်၊ ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ရန် စစ်ဆင်ရေး ပေါင်းများစွာတွင် တပ်မတော်သား သူနာပြုများသည် ဆေးအကာအကွယ်ပေးရေး တာဝန်များကို စွန့်စွန့်စားစား လိုက်ပါ ထမ်းဆောင်ခဲ့ကြပြီး စစ်ဆင်ရေးတာဝန်ကို ရဲစွမ်းသတ္တိ အပြည့်ဖြင့်တာဝန်ထမ်းဆောင် ခဲ့ကြသဖြင့် စစ်ဘက်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် လက်မှတ်များဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁ ဦး၊ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၉ ဦး ရှိခဲ့ပြီးဖြစ်ကြောင်း။

ထို့ပြင်ကမ္ဘာ့သူနာပြုလောကတွင် အမြင့်ဆုံးဆုဖြစ်သော မြန်မာ့ပထမဆုံး ဖလောရင့် နိုက်တင်ဂေးဆုရှင် ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည်လည်း သူနာပြုအတတ် ပညာစွမ်းရည်ဖြင့် တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ထိုသို့စွမ်းရည်ရှိသည့် တပ်မတော် သူနာပြုများ၏ စွမ်းဆောင်မှုများကို စံနမူနာယူပြီး ကောင်းမြတ်သည့် သူနာပြုအစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အခြားနိုင်ငံများနည်းတူ ခံစားရချိန်တွင် တပ်မတော်သားများသည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ငွေအား၊ လူအား၊ စိတ်ဓာတ်ခွန်အားများဖြင့် ရသမျှအထောက်အကူပြုပစ္စည်းမျိုးစုံကို အသုံးပြုပြီး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ခဲ့ကြကြောင်း၊ ထိုသို့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် တပ်မတော်ဆေးမှူး ပါရဂူဆရာဝန်များနှင့်အတူ သူနာပြု တပ်ဖွဲ့ဝင်များသည်လည်း ရှေ့တန်းကျကျ ပါဝင်ထမ်းဆောင်ခဲ့ကြကြောင်း။

အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် အနောက်တိုင်းဆေးပညာရပ်များကို လေ့လာ ဆည်းပူးနေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာရပ်သည်လည်း အများပြည်သူ အားကိုးအားထားရသည့် ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် ခေတ်မီနည်းပညာရပ်များနှင့် ပေါင်းစပ်ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆ လုပ်ဆောင် နေရမည်ဖြစ်ကြောင်း။

တိုင်းရင်းဆေးဝါးဖော်စပ်မှု အပိုင်းတွင်လည်း စစ်မှန်ပြီးအရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါး အရည်အသွေးကို ထိန်းသိမ်း နိုင်စေရန်အတွက် ဖော်စပ်မှုအဆင့်တိုင်းတွင် အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နွယ်မြက် သစ်ပင် ဆေးဖက်ဝင်၏ဟူသည့် ဆိုရိုးစကားအတိုင်း မိမိတို့နိုင်ငံတွင်လည်း ဆေးဝါးထုတ်လုပ်နိုင်သည့် ဆေးဖက်ဝင် သစ်ပင်မျိုးစုံနှင့် သစ်ဥသစ်ဖု များ သည်နိုင်ငံအနှံ့အပြား ပေါက်ရောက်လျက်ရှိခြင်းကြောင့် တာဝန်ကျရာ ဒေသအသီးသီးတွင် ရှိသည့် ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့ တတ်ကျွမ်း နားလည်ထားသည့် ဆေးဝါးကျွမ်းကျင် မှုဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနလုပ်ငန်းများကို ကြိုးစားဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။

ယနေ့ခေတ် နိုင်ငံတကာဆေးပညာနယ်ပယ်တွင် Telemedicine နည်းပညာကို စစ်မြေပြင် ဆေးပညာ (Military Medicine) အဖြစ် ထိရောက်တွင်ကျယ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရ ကြောင်း၊ Telemedicine ဆိုသည်မှာ ရုပ်သံဆက်သွယ်မှု နည်းပညာများကို အသုံးပြုပြီး ဝေးကွာသောဒေသများသို့ ဆေးအကာအကွယ်ပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက် ပေးခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏စစ်မြေပြင် ဆေးပညာ နယ်ပယ်နှင့် အရိုးရောဂါကုသမှု နယ်ပယ်များတွင်လည်း Telemedicine နည်းပညာကို ခေတ်နှင့်အညီ အသုံးပြုလျက်ရှိသောကြောင့် ပြောင်းလဲ တိုးတက်နေသည့် ဆေးဘက်ဆိုင်ရာ နည်းပညာရပ်များကို သိရှိနားလည်ပြီး လက်တွေ့အသုံးချ နိုင်သူများဖြစ်ရန် စဉ်ဆက်မပြတ် လေ့လာ သင်ယူနေမည်ပင် ဖြစ်ကြောင်း။

တပ်မတော်သားဘဝကို ခံယူပြီးဖြစ်သည့်အတွက်ကြောင့်လည်း စစ်ဘက်ဥပဒေအပြင်၊ နယ်ဘက်ဆိုင်ရာ ဥပဒေများကိုပါ လေးစားလိုက်နာပြီး သူနာပြုနှင့် ဆေးဘက် ပညာသည်များ ဖြစ်သောကြောင့် ဆေးဘက်ဆိုင်ရာ ကျင့်ထုံးဥပဒေများကိုပါ လိုက်နာရမည့်နည်းတူ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာကိုလည်း သာမန်ထက်ပိုပြီး စောင့်ထိန်းသွား ကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်ကောင်းတစ်ဦး ဖြစ်လာစေရေး စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်ဟူသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံအောင် ပြုမူကျင့်ကြံပြီး သူနာပြုများ ခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြု ကတိသစ္စာ ၉ ချက်နှင့်အညီ စောင့်ထိန်း လိုက်နာကာ နိုင်ငံတော်နှင့် တပ်မတော်က ဂုဏ်ယူအားထားရသည့် သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များဖြစ်စေရေး စောင့်ထိန်းလိုက်နာ ကြိုးစားသွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့် နိုင်ငံရေးအင်အားစုများသည် တပ်မတော်ကိုဖြိုခွဲရန် အကြိမ်ကြိမ် ကြံစည်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံးညီညွတ်မှုသာ မှတ်ကျောက် တင်ခံနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး တပ်မတော်၏အားကို တပ်မတော်အတွင်း၌ပင် အခြေခံတည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင် အားလုံး အကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များတူမည်ဆိုပါက စည်းလုံးညီညွတ်မှုသည် ထာဝရခိုင်မြဲ နေမည်ဖြစ်ကြောင်း၊ စည်းလုံး ညီညွတ်မှုကို စိတ်ဓာတ်ဖြင့်သာ တည်ဆောက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ စိတ်ဓာတ်ကောင်းမွန်စေရေး တစ်ဦးချင်း စည်းကမ်း လိုက်နာစောင့်ထိန်းမှု ကောင်းမွန်ရန်အရေးကြီးကြောင်း၊ လိုက်နာရန်လိုအပ်သည် များကို လိုက်နာပြီး စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိ၏လက်အောက်ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးရ မည်ဖြစ်ကြောင်း။

ကျွမ်းကျင်ကူညီဆေးစစ်သည်ဟူသည့် ကြွေးကြော်သံနှင့်အညီ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူများ ဖြစ်စေရေး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီနည်းပညာ ရပ်များနှင့် ပေါင်းစပ်တီထွင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး သူနာပြုနှင့် ဆေးဘက်ပညာဆိုင်ရာ အထူးကျွမ်းကျင်သူများဖြစ်လာစေရေး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ် သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် သင်တန်းတပ်ခွဲများ၏ အလေးပြု ခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဌာနချုပ်  ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူ များကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းကာလ ၄ နှစ်တာကာလ တစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသည့်အတွက် ဝမ်းမြောက် အသိအမှတ်ပြုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေ စည်းကမ်းသတ်မှတ်ချက်များအရ မိဘများအနေဖြင့် အခမ်းအနား တက်ရောက် နိုင်ခဲ့ခြင်းမရှိသော်လည်း မိဘများအနေဖြင့် ဂုဏ်ယူဝမ်းမြောက် နေကြမည်ပင်ဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း သာမန် ဝန်ထမ်းများနှင့် အခြေခံမိသားစုများ ဖြစ်သည်ကို တွေ့ရှိရပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်သည်အထိ အခက်အခဲများကြားမှ ပြုစုပျိုးထောင်ပေးခဲ့ရမည်ကို နားလည်စာနာမိပါကြောင်းနှင့် မိဘများ၏ ကျေးဇူးကိုပြန်ဆပ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း သင်တန်း ကာလ ၄ နှစ်တာကာလပတ်လုံး စစ်သားကောင်းများဖြစ်လာစေရန်၊ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများဖြစ်လာစေရန် စစ်ပညာ၊ စာပေပညာတို့ကို အချိန်နှင့် ငွေကြေး အရင်းအနှီး များစွာဖြင့် သင်ကြားပေးခဲ့သည်ဖြစ်သဖြင့် မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များကို အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို စစ်သားကောင်းပီသစွာဖြင့် ထမ်းဆောင်ရန်လိုကြောင်း၊ မိဘများအနေဖြင့် ပြောဆိုဆုံးမနေခြင်းသည် သားသမီးများ၏ ဘဝကောင်းမွန်ရေးကို လိုလားမှုကြောင့် သာဖြစ်သကဲ့သို့ တပ်မတော်က စည်းကမ်းတင်းကြပ်စွာဖြင့် ထိန်းကြောင်း ကြပ်မတ်နေခြင်းမှာလည်း တပ်မတော်သားတိုင်း၏ ဘဝတစ်လျှောက်လုံး စည်းကမ်းစနစ်တကျဖြင့် နေထိုင်ကျင့်ကြံဖြတ်သန်းပြီး လူနေမှုဘဝတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့် မိဘ၊ တိုင်းပြည်နှင့် တပ်မတော်အတွက် အဖိုးတန်လူသားအရင်းအမြစ်များ နစ်နာမှုမရှိစေရန် ထိန်းသိမ်းနေခြင်း ဖြစ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း။

တပ်မတော်သားတို့၏ ဘဝနှင့် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးခြယ်တက်ရောက်ခဲ့သူများဖြစ်သည့်အတွက် ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတွင် စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင်သွားရန်နှင့် တတ်မြောက်ထားသည့် ဘာသာရပ်များအလိုက် တပ်မတော်နှင့် ပြည်သူတို့ကို အလုပ်အကျွေးပြုကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထူးချွန်စွာ သင်တန်းဆင်းခဲ့သူများဖြစ်သဖြင့် ဘဝတိုးတက်မှု၊ အောင်မြင်မှု တို့အတွက် အခွင့်အလမ်းများစွာရှိပြီး ပညာများကို ဆက်လက်လေ့လာ သင်ယူဆည်းပူး၍ မိမိတို့နယ်ပယ်အလိုက် နာမည်ကောင်းရရှိပြီး ထူးချွန်သူများ၊ ကိုယ်ရည်ကိုယ်သွေး ရှိသူများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ မိမိစိတ်ကို အလိုမလိုက်ဘဲ သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့်သည့် သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့်အလုပ်ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကိုသာ ပြောရန်ဟူသည့် သင့် ၄ သင့် ကို လိုက်နာသွားကြရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)