Skip to main content

ကယားပြည်နယ်ဝန်ကြီးချုပ် ရွာသစ်မြို့အတွင်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ရွာသစ် မတ် ၁

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန်၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ရွာသစ်မြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်မှာစကား ပြောကြားရာတွင် မြို့နေ ပြည်သူများအနေဖြင့် မြေငှားဂရန်များ ရရှိခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု များ ရရှိစေခြင်း၊ မြေပိုင်ဆိုင်မှုအ‌‌ထောက်အထားများ အခိုင်အမာရရှိစေခြင်းအားဖြင့် မိမိတို့စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အထောက်အကူပြုလာနိုင်ခြင်း၊ မြေယာအငြင်းပွားမှု အရှုပ် အရှင်းဖြစ်ပွားမှုများမှ ကင်းဝေးပြီးမိမိတို့၏ လူနေမှုဘဝ လုံခြုံမူရရှိနိုင်မှာဖြစ်ခြင်း၊ အလားတူ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိသူများအနေဖြင့်လည်း တောင်သူလယ်သမားများ၏ လုပ်ပိုင်ခွင့် အရ စိုက်ပျိုး‌မြေများ ပိုင်ဆိုင်မှု ခိုင်မာစေရေး၊ သားစဉ်မြေးဆက် တရားဝင်လွှဲပြောင်း လုပ်ပိုင်ခွင့်ရရှိရေး၊ တရားဝင်ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်တို့ ရရှိမှာ ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ပြည်သူလူထုများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရတစ်ရပ်ဖြစ်တာနဲ့အညီ အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အမြဲကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့မြေငှားဂရန်(၄၉)ဦး၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) တောင်သူ(၄၃) ဦး၊ စုစုပေါင်း (၉၂) ဦးအား ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက မိမိတို့ တင်ပြလိုသည်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည် ညှိနှိုင်းဖြေကြားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နောင်ဆိုင်ဘုန်းတော်ကြီးကျောင်း ယောဂီအိပ်‌ဆောင်အတွက် အလှူငွေ(၅)သိန်း၊ တောင်တန်းသာသနာပြု ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ရှေးဟောင်း စေတီပြုပြင်ရန် အလှူငွေ(၅)သိန်း၊ လွယ်ဝိုင်းကျေးရွာ အာဇီကျောင်းဆောင်သစ်အတွက် အလှူငွေ(၅) သိန်း စုစုပေါင်း(၁၅)သိန်းအားပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)