Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း အရာတော်မြို့နယ် သလဲဘာကျေးရွာ မေတ္တာဂုဏ်ရည်တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

အရာတော်               မတ်   ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာ၊ မေတ္တာဂုဏ်ရည် တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါတိုက်နယ်ဆေးရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်၊ မန္တလေးမြို့ မဟာမြိုင်ဆရာတော်၊ ရန်ကုန်မြို့ ချမ်းမြေ့မြိုင်ဆရာတော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ ကျပ်သိန်း(၁၀၀၀) မ,တည် အလှူရှင် ဒေါက်တာစန်းလွင်တို့က မေတ္တာဂုဏ်ရည် တိုက်နယ်ဆေးရုံ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းတို့က တိုက်နယ်ဆေးရုံအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြ သည်။

ထို့နောက် တိုက်နယ်ဆေးရုံ လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများက ဩဝါဒစကား မြွတ်ကြားတော်မူကြပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကား ပြောကြားခဲ့ကြောင်း၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေး ကော်မတီမှ ဦးဇော်ထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုက်နယ်ဆေးရုံဆိုင်ရာ မှတ်တမ်းများနှင့် အထိမ်းအမှတ်အလံများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)