သထုံ မတ် ၁
မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် Myanmar Parenting အဖွဲ့တို့ ပူးပေါင်းပြီး Care Myanmar မှ ပံ့ပိုးကူညီမှုဖြင့် "သာသားမီးမီးတို့ကို Sex Education သင်ပေးပါ" ခေါင်းစဉ်ဖြင့် လိင်မှုဆိုင်ရာအသိပညာပေး စကားဝိုင်းကို ယနေ့ နံနက်က သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က စကားဝိုင်း ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး Care Myanmar နှင့် Myanmar Parenting အဖွဲ့တို့မှ တာဝန်ရှိသူတို့က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု တို့ကို ရှင်းလင်းပြောကြားသည်။
စကားဝိုင်းတွင် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့၊ Myanmar Parenting အဖွဲ့တည်ထောင်သူ မဇုံဇုံ၊ ဒေါက်တာ ခိုင်စံပယ်မင်း၊ Care Myanmar မှ စီမံကိန်းတာဝန်ခံ ဦးဇော်ဇော်အောင်နှင့် ဒေါက်တာ ဖြိုးသီဟတို့ က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်မှုဆိုင်ရာ အသိပညာ (sex education) များနှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများတို့ကို ဆွေးနွေးပြီး တက်ရောက်လာသည့် စိတ်ပါဝင်စားသူတို့က သိလိုသည်တို့ကို ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပညာပေးစကားဝိုင်းသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်းတိုင်ရင်းသားရေးရာဝန်ကြီးနှင့် သထုံမြို့နယ်အတွင်းရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သက်ဦး(သထုံ)