Skip to main content

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

မူဆယ်   ဇန်နဝါရီ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် (၂၀၁၉)ခုနှစ်အတွင်း ယာဉ်မတော်တဆ ထိခိုက်ဖြစ်ပွားမှုနှင့် ဒဏ်ရာရရှိမှု လူဦးရေသည် (၂၀၁၈) ခုနှစ်ထက်  လျော့နည်းလာကြောင်း မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)၏ မှတ်တမ်းအရ သိရသည်။

ယာဉ်မတော်တဆ ထိခိုက်မှုလျော့နည်းလာ

(၂၀၁၈)ခုနှစ်တွင် မူဆယ်မြို့၌ ယာဉ်မတော်တဆထိခိုက်ဖြစ်ပွားမှု စုစုပေါင်း(၁၀၉)မှုမှ ထိခိုက်ဒဏ်ရာရရှိသူ လူဦးရေစုစုပေါင်း (၁၄၇)ဦး ရှိခဲ့ပြီး သေဆုံးသူ(၆၉)ဦးရှိကြောင်း သိရသည်။ (၂၀၁၉)ခုနှစ်တွင် ယာဉ်မတော်တဆထိခိုက်မှု စုစုပေါင်း(၉၉)မှု၊ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း(၁၁၉) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၆၃) ဦးရှိခဲ့ကြောင်း သိရသည်။

"(၂၀၁၉)ခုနှစ်မှာ (၂၀၁၈)ခုနှစ်ထက် ယာဉ်မတော်တဆ ထိခိုက်မှု၊ ဒဏ်ရာရရှိမှုနဲ့ ယဉ်မတော်တဆကြောင့် သေဆုံးသူလူဦးရေတွေ လျော့နည်းလာပါတယ်၊ (၂၀၁၉)ခုနှစ်မှာ ဆိုရင်(၂၀၁၈)ခုနှစ်ထက် ယဉ်မတော်တဆမှု(၁၀)မှု၊ ဒဏ်ရာရရှိသူ(၂၈)ဦးနဲ့ သေဆုံးသူ(၄)ဦးအထိ လျော့နည်းလာပါတယ်" လို့  မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးချစ်စိန်က (၂၀၁၈)ခုနှစ်နှင့် (၂၀၁၉)ခုနှစ်၏ ယဉ်မတော်တဆလျော့နည်းလာမှု လူဦးရေ အရေအတွက်ကို နှိုင်းယှဉ်ပြောကြားသည်။

အသိပညာပေးများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်

မူဆယ်မြို့တွင် (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၁)နေ့ နှစ်ဦးပိုင်းမှစတင်ပြီး မူဆယ်မြို့၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး၏ ကြီးကြပ်မှုဖြင့် ပြည်သူများမတော်တဆ ယာဉ်အန္တရာယ်ထိခိုက်မှုများ လျော့နည်းလာရန်အတွက် မူဆယ်မြို့တွင်း နေရာအနှံ့တွင် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းအသိပညာပေးဟောပွဲကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၅)ရပ်ဖြစ်တဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပြည်သူလူထုတွေထံ အသိပညာပေးရန်နဲ့ ကာကွယ်စောင့်ရှောက်ပေးရန်ဆိုတဲ့ အချက်နဲ့အညီ ဆောင်ရွက်နေသလို မူဆယ်ခရိုင်အတွင်းမှရှိတဲ့ ယာဉ်မောင်းတွေဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည်ပြီး ယာဉ်အန္တရာယ် မတော်တဆ ထိခိုက်မှုများမှ လျော့နည်းကျဆင်းလာစေရန်အတွက် ရည်ရွယ်ပြီးတော့ ခုလို ဟောပြောပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းဟောပြောရခြင်းဖြစ်ပါတယ်" ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးချစ်စိန်က မူဆယ်မြို့တွင်း နေရာအနှံ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းအကြောင်းကို ဆက်လက်ပြောကြားသည်။

ပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်

(၂၀၂၀)ပြည့်နှစ်တွင် မူဆယ်မြို့၌ ယာဉ်မတော်တဆ ထိခိုက်ဖြစ်ပွားမှုများ ပိုမိုလျော့နည်းလာရန်အတွက်(၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၁)နေ့ နှစ်ဦးပိုင်းမှစတင်၍ မူဆယ်မြို့၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ နေရာအလိုက်ဖြန့်ခွဲပြီး အသိပညာပေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)