Skip to main content

အရှုပ်အထွေးတို့ စနစ်တကျဖြစ်စေရေး

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ ပါဝင်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့၏ ဦးဆောင်မှုဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

ရန်ကုန်မြို့သည် နိုင်ငံတွင် လူဦးရေအများဆုံးနှင့် အကြီးဆုံးသော စီးပွားရေးမြို့တော်ဖြစ်ပြီး နိုင်ငံ၏ မျက်နှာစာတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မြင်မကောင်းအောင် ယိုင်ရွဲနေသော တယ်လီဖုန်းတိုင်၊ ဓာတ်တိုင်များ၊ လမ်းများ ချဲ့လိုက်ပြီးနောက် လမ်းပေါ်တွင် ဆက်လက်ကျန်ရှိနေသော တယ်လီဖုန်းတိုင်များ၊ ရှုပ်ထွေးနေ၊ မြေပေါ်ထိလုလုပုံကျ နေသော ဆက်သွယ်ရေးကြိုးများ စသည်ဖြင့် စည်းစနစ်မကျန၊ အမြင်မတင့်တယ်သည့် ဆက်သွယ်ရေးကြိုး၊ လျှပ်စစ်ကြိုးသွယ်တန်းမှုများကို စနစ်တကျဖြစ်စေရန်၊ အမြင်တင့်တယ်စေရန် သက်ဆိုင်ရာ ဌာနများ ညှိနှိုင်းဆောင်ရွက်ခြင်းမှာ လွန်စွာလိုအပ်ပြီး ပူးပေါင်း ဆောင်ရွက်မှု အားကောင်းသည်နှင့်အမျှ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်သည်။ ။

 

စင်စစ်အားဖြင့် မြို့တော်စည်ပင်၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး တို့သည် ရန်ကုန်မြို့တော်၏ မြင်ကွင်းများကို လှပတင့်တယ်အောင်၊ စိတ်ကြည်နူးဖွယ်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသကဲ့သို့ အကျည်းတန် အရုပ်ဆိုးအောင်၊ စိတ်ညစ်ညူးဖွယ်ဖြစ်အောင်လည်း ဖျက်ဆီးနိုင်စွမ်း ရှိကြသည်။ သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းစိုပြည်၍ လျှပ်စစ်မီး ပသာဒတို့ဖြင့် လင်းလက်လှပပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများ လျင်မြန်ခေတ်မီသည့် မြို့တော်ကြီး ဖြစ်ပေါ်လာစေရန် ဖော်ဆောင်တည်ဆောက်မှုများကို ရန်ကုန်မြို့တော်သူ မြို့တော်သားတို့က ဝမ်းမြောက် ကြိုဆိုကြမည်သာ ဖြစ်သည်။ ဌာနတစ်ခုနှင့်တစ်ခု ညှိနှိုင်းပေါင်းစပ်မှု အားနည်းချက်ကြောင့် တစ်ဌာန က သစ်ပင်စိုက်ပြီး နောက်တစ်ဌာနက သစ်ပင်ခုတ်ခြင်း၊ တစ်ဌာနက လူသွားစင်္ကြံများ ပလက်ဖောင်းခင်းပြီး မကြာမီ အခြားတစ်ဌာနက မြေအောက် ဝိုင်ယာများ ပြုပြင်ရန် တူးဖော်ထွင်းဖောက်ရခြင်းစသည့် အတိတ်ကာလက အမှားများကို ပြုပြင်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ မလိုအပ်ဘဲ သုံးစွဲနေရမှုများကို ရှောင်ရှားနိုင်မည့်အပြင် ပြည်သူလူထု၏ ဌာနဆိုင်ရာများအပေါ် အမြင်ကောင်းကိုလည်း ရရှိနိုင်ကြမည်ဖြစ်သည်။

 

ရှုပ်ထွေးလေးလံနေသည့် ဖုန်းကြိုး၊ ဓာတ်ကြိုးများ၊ လူမြင်ကွင်းများကို ပိတ်ကွယ်နေသည့် ကြော်ငြာဆိုင်းဘုတ်များ အပါအဝင် စက္ခုပသာဒကို ထိခိုက်စေသည့် လူလုပ်အရာဝတ္ထုများမှာ မြင်ကွင်း ညစ်ညမ်းမှု (Visual Pollution) များပင်ဖြစ်သည်။ မြင်ကွင်း ညစ်ညမ်းမှုကြောင့် လူတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းတို့တွင် ထိခိုက်မှုများလည်းရှိရာ မြို့ကြီးပြကြီးများတွင် ဖြစ်ပေါ်သည့် မြင်ကွင်းညစ်ညမ်း မှုများကို တတ်နိုင်သမျှ ရှင်းလင်းကြရမည်သာဖြစ်သည်။ ဖုန်းကြိုး၊ အင်တာနက်ကြိုးများ အပါအဝင် ဆက်သွယ်ရေးကြိုးများ၊ ဓာတ်ကြိုးများ၊ ရေပိုက်များ စသည့်သွယ်တန်းမှုများကို မြင်ကွင်းရှုပ်ထွေးမှုမှ ရှောင်ရှားနိုင်ရန်နှင့် လိုအပ်ပါက အလွယ်တကူ ပြင်ဆင်နိုင်ရန် ပြင်ဆင်မှုတစ်ခုပြုလုပ်တိုင်း အခြားတစ်ခုခုကို ဖယ်ရှားရခြင်း၊ ဖျက်ဆီးရခြင်းတို့ မလိုအပ်ဘဲ ပြင်ဆင်နိုင်ရန် ဒီဇိုင်းရေးဆွဲ၍ Underground စနစ်ကို ကျင့်သုံးခြင်းက လျော်ကန်သင့်မြတ်သည့် စနစ်ပင်ဖြစ်သည်။

 

မြို့ရွာများ စနစ်တကျ သန့်ရှင်းသာယာလှပရေးတွင် အခြေခံ အကျဆုံးမှာ စည်းကမ်းလိုက်နာမှု ဖြစ်သည်။ လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း၊ ဌာနဆိုင်ရာများ စသည်တို့ အထိ စည်းကမ်းနှင့်ညီညွတ်ကြဖို့ လိုအပ်သည်။ စည်းကမ်းချိုးဖောက်မှုကို ကိုယ်တိုင်မပြုသလို အခြားသူများ ပြုလုပ်မှုကိုလည်း လက်မခံကြရန်၊ ဌာနအဖွဲ့အစည်းများကလည်း အမှန်တကယ် ထိထိ ရောက်ရောက် အရေးယူရန် လိုအပ်သည်။ စည်းမျဉ်းစည်းကမ်း လိုက်နာမှုနှင့် တရားဥပဒေစိုးမိုးမှုကို အားကောင်းလာသည်နှင့်အမျှ မြို့ပြဒေသ ပိုမိုခေတ်မီလှပလာမည်ဖြစ်ပါကြောင်း။ ။