လူတိုင်းစာဖတ်ကြဖို့လိုသည်။ စာဖတ်သူက စာမဖတ်သူထက် ပို၍အသိပညာဗဟုသုတ နယ်ပယ် ကျယ်ပြန့်သည်။ ခေါင်းတစ်လုံးပို၍ မြင့်သည်။ စဉ်းစားဉာဏ် နှင့် ဆင်ခြင်တုံတရားတို့ ပိုသည်။ စာဖတ်သည့် အလေ့အကျင့်ကို ငယ်စဉ်ကပင် ပျိုးထောင်ပေးခြင်းဖြင့် ကလေးဘဝ၊ လူငယ်ဘဝ ကတည်းက စာဖတ်သည့် အကျင့် စွဲလာသည်။ စာပေမှရရှိသည့် အသိသုတတို့က ဘဝ လမ်းကြောင်းကို မတိမ်းမစောင်းအောင်၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်အောင် ထိန်းကျောင်းပေးနိုင်သည်။
ရသစာပေဖြစ်စေ၊ သုတစာပေဖြစ်စေ စာကောင်းပေမွန်မှန်သမျှကို စဉ်ဆက်မပြက်ဖတ်ကြရန် ပညာရှိတို့က ရှေးကတည်းကပင် တိုက်တွန်းခဲ့ကြသည်။ “ရသစာပေကောင်းကို ဖတ်ရလျှင် ပတ်ဝန်းကျင်ကိုလည်း သတိပြုလာနိုင်စရာ အကြောင်းရှိပါသည်။ လောဘ ထွက်သူသည် မိမိလောဘထွက်သည်ကို သတိပြုမိလျှင်၊ ဒေါသထွက်သူသည် မိမိဒေါသထွက်သည်ကို သတိပြုမိလျှင်၊ မာနတက်သူသည် မိမိမာနတက်သည်ကို သတိပြုမိလျှင် ဆင်ခြင်တတ်ခြင်း ရှိလာ၍ လောဘ၊ ဒေါသ၊ မာနတို့၏ အပူအလောင်မှ သက်သာရာရနိုင်သည်ဟု ပညာရှိတို့ ဆိုမိန့်ကြပါသည်။ ထိုနည်းတူစွာ ပတ်ဝန်းကျင်ကို သတိပြုမိသူသည် မိမိ၏ကိုယ်နှုတ်နှလုံးကို သုံးသည့်အခါတိုင်း ဆင်ခြင်တတ်ခြင်းရှိလာ၍ မိမိတစ်ဦးတည်း၏ အကျိုးစီးပွားအတွက်သာမက ပတ်ဝန်းကျင်၌ မိမိကဲ့သို့ သုခဒုက္ခအမျိုးမျိုးနှင့် ကျင်လည်နေကြကုန်သော သတ္တဝါခပ်သိမ်း၏ အကျိုးစီးပွားအတွက်လည်း ကြည့်တတ်မြင်တတ် ကရုဏာဖြစ်တက်လာနိုင်စရာ အကြောင်း ရှိသည်ဟု ထင်ပါသည်" ဟု မြန်မာစာပေပညာရှင်ကြီး တစ်ဦးဖြစ်သူ ဆရာဇော်ဂျီက ရေးသား ခဲ့သည်။ ရသစာပေကောင်းကို ဖတ်ရှုသူအဖို့ လောဘ၊ ဒေါသ၊ မာနတို့ လျော့နည်းစေကာ ကိုယ် နှုတ် နှလုံး သုံးပါး သောအမူအရာတို့ သိမ်မွေ့လာစေသည့်အလျောက် လောကကို တစ်ထောင့်တစ်နေရာမှ အလှဆင်နိုင်မည်ဖြစ်သည်။
သုတစာပေက အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတတို့ တိုးပွားစေသည်။ လောက အကြောင်း၊ ဓမ္မအကြောင်း၊ ဘဝအကြောင်းတို့ကို မိမိတို့၏ အတွေ့အကြုံမျှဖြင့်ဆိုလျှင် အနည်းငယ်မျှသာ သိနိုင်မည်ဖြစ်သော်လည်း စာဖတ်ပါက အချိန်တိုတိုနှင့် အသိသုက မြောက်မြားစွာ ရရှိနိုင်သည်။ သိဖွယ်၊ တတ်ဖွယ်၊ မှတ်ဖွယ်များစွာတို့ စာပေထဲတွင် ရှိနေသည့်အလျောက် ဖက်လျှင်ဖက်သလောက်၊ မှတ်လျှင်မှတ်သလောက် တတ်မြောက်သိမြင် ကျွမ်းကျင်လာနိုင် ကြသည်။ စာဖတ်နိုင်သည့်အရွယ်မှစ၍ နေ့စဉ်ဖတ်မှတ်လေ့လာသမျှသော စာတို့က ကာလကြာရှည်သည့်အခါ ဘ၀ကိုမြင့်မြင့်မားမားရောက်ရှိစေသည်။ မြန်မာရာဇဝင်တွင် အင်းဝခေတ် မင်းကြီးစွာစော်ကဲလက်ထက် ပညာရှိအမတ်ကြီး ဘိုးရာဇာသည် လယ်သမားဘဝမှ နန်းတော်သို့ ရောက်ရှိလာခဲ့သူဖြစ်သည်။
လူငယ်များ စာပေများများဖတ်ရှုရေး၊ စာဖက်သည့် အလေ့အကျင့် ကောင်းများစွဲမြဲစေရေး တိုက်တွန်းနှိုးဆော် အားပေးသည့်အနေဖြင့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို သုံးရက်တိုင်တိုင် ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။ ယင်းပွဲတော်တွင် လေကြောင်း ပညာဆိုင်ရာ သရုပ်ပြပွဲနှင့် ပြခန်းများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ ဖြင့် ကျောင်းသား ကျောင်းသူ လူငယ်များကို ဆွဲဆောင်ထားပြီး အဓိကဦးတည်ချက်အဖြစ် စာဖတ်ကြရေး အသိပညာပေးခြင်းပင်ဖြစ်ရာ လာမည့် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည့် လူငယ်နှင့် စာပေပွဲတော်ဆီသို့ ကျောင်းသူ ကျောင်းသားများ၊ မိဘပြည်သူများ၊ ဝန်ထမ်းမိသားစုများ သွားရောက်လေ့လာကြခြင်းဖြင့် စာဖတ်ခြင်း အလေ့အကျင့်ကောင်းနှင့် အသိပညာ ဗဟုသုတတို့ တိုးပွားကြပါစေကြောင်း။ ။