Skip to main content

စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၄

စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အနေဖြင့် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးကဏ္ဍ၌ တာဝန်ခံဝန်ကြီး ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် စီမံကိန်းပုံစံနှင့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ အမျိုးသား စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မူဝါဒ၊ ရည်မှန်းချက်များအနေနှင့် ၂၀၁၂ ခုနှစ် စွမ်းအင် သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းကို လျှော့ချရန်ရည်မှန်းထားပါကြောင်း၊ ရည်မှန်းချက်များ ပြည့်မီရေးအတွက် စက်မှုကဏ္ဍတွင် စက်ရုံအလုပ်ရုံများ၊ အဆောက်အဦ ကဏ္ဍတွင် စီးပွားရေး အဆောက်အဦများနှင့် နိုင်ငံပိုင် အဆောက်အဦများ၊ စွမ်းအင်အသုံးပြုသည့် စက်ပစ္စည်း ကိရိယာများ၏ စွမ်းအင်စွမ်းဆောင်ရည် သတ်မှတ်ရေးကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍတို့၌ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး လုပ်ငန်းများသည် စွမ်းအင်သုံးစွဲမှု အလေအလွင့်များကို လျှော့ချနိုင်စေခြင်းဖြင့် စွမ်းအင် ကုန်ကျစရိတ်ကို သက်သာလျှော့ကျနိုင်စေပြီး အကျိုးဆက်အနေနှင့် သဘာဝပတ် ဝန်းကျင်ကို ထိခိုက်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုကိုလည်း လျှော့ကျစေသည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားကို မဖြစ်မနေချွေတာသုံးစွဲရန်အတွက် အရေးကြီးသည့် အခြေအနေ ဖြစ်လာ၍ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်း များကို ထိရောက်မှု ရှိအောင် အရှိအဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိ မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှလည်း စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ပေးရန်နှင့် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုဝန်ကြီးဌာနတွင်လည်း ဆိုလာ၊ LED မီးလုံး၊ မီးချောင်းများ၊ ဆိုလာ Panel များ ထုတ်လုပ်လျက်ရှိသဖြင့် လိုအပ်သောပံ့ပိုးမှုများနှင့် အကြံဉာဏ်များ ပေးစေလိုကြောင်း  ပြောကြားသည်။

ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ ခွင့်ပြုချက်ရယူခဲ့ပြီး အခြားသောဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့လည်း ဖြန့်ဝေခဲ့ပြီး မိမိတို့ ဌာနမှလည်း စံနမူနာပြ ကျင့်သုံးလိုက်နာ ဆောင်ရွက်လျက်ရှိသလို ဓာတ်အားသုံးစွဲသူများ ပိုမိုကျယ်ပြန့်ထိရောက်စွာ သိရှိနိုင်ရေး အတွက်လည်း မီဒီယာများမှတစ်ဆင့် အသိပညာပေး ဖြန့်ဝေလျက်ရှိကြောင်း၊ စွမ်းအင်ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့တွင် စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက် လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူးတို့က စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြု နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်