Skip to main content

ငြိမ်းချမ်းရေးနှစ်တွင် ငြိမ်းချမ်းရေးရအောင်ကြိုးပမ်း

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေး ရပြီးချိန်မှစတင်၍ မငြိမ်းချမ်းမှုများဖြင့် စတင်ခဲ့သည်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အတွင်း အယူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများဟု ဆိုနိုင်သည်။ ကြုံတွေ့ခဲ့သော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့်ဂယက်ရိုက်ခတ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်းအကြား သဘောကွဲလွဲမှုများဖြစ်ခဲ့ရသည်။

ပြည်ထောင်စုကြီးအတွင်း အတူနေထိုင်ပြီး နိုင်ငံရေးဝါဒမတူညီမှု၊ အယူအဆ မတူညီမှုများနှင့် သံသယများကို တိုးပွားစေပြီး လက်နက်ကိုင်ပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့သည်။ နှစ်ပေါင်းရှည်ကြာခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်း နေရခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ နှေးကွေးခဲ့ရသည်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလာသည်ကို တွေ့မြင်နေရသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ နိုင်ငံများအကြား မျက်နှာမငယ်ရရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဦးစွာကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်သည်။

နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး အတူတကွယှဉ်တွဲ နေထိုင်ရင်း အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို တည်ဆောက်နိုင်အောင် ကြိုးပမ်းမှသာ ငြိမ်းချမ်းရေးနှင့်အလှမ်းနီးမည်ဖြစ်သည်။ “ယခုနှစ်သည် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ် ရေးနေ့ဖြစ်သည့်အတွက် စိန်ရတုအကြိုကာလဖြစ်ကြောင်း၊ ၇၅ နှစ်တာကြာခဲ့ပြီ ဖြစ်သည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ငြိမ်းချမ်းရေးရရှိရန်မှာ အရေးကြီးကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ပြောကြားခဲ့သည်။

ယခု ၂၀၂၂ ခုနှစ်သည် ထူးခြားလေးနက်သော နှစ်တစ်နှစ်ဖြစ်သည်။ စိန်ရတု အကြိုလွတ်လပ်ရေး နေ့နှင့် စိန်ရတုပြည်ထောင်စုနေ့ အခါသမယသို့ ကျရောက်နေသောနှစ်ဖြစ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ရမည့် အခါသမယဖြစ်သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်း ရေးဆွေးနွေး ပွဲများကို ပြုလုပ်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA) တွင် လက်မှတ်မထိုးရသေးသည့်အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး အလွတ်သဘောဆွေးနွေး ညှိနှိုင်းမှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ငြိမ်းချမ်းရေးရရှိရေးနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာ တွင် တစ်ယောက် တစ်မျိုး၊ တကွဲတပြားဖြစ်နေ၍မရဘဲ နိုင်ငံသားတိုင်းတူညီသည့် အခွင့်အရေးများရရှိလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်လည်း နိုင်ငံသား တစ်ဦးချင်း၏ရပိုင်ခွင့်နှင့် ပတ်သက်၍ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးမရရှိပါက စစ်မှန်ပြီး မှန်ကန်မျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက် နိုင်မည် မဟုတ်ပေ။ ငြိမ်းချမ်းရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး ဥပဒေနှင့်အညီပါဝင် လာမှသာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဖြစ်ပေါ် လာမည်ဖြစ်သည်။ ထို့ကြောင့် ထူးခြားမွန်မြတ်သည့် ယခုနှစ်အခါသမယတွင် ငြိမ်းချမ်းရေးရရှိအောင် အထူးဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

အားလုံးသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြစ်ပြီး အယူအဆဝါဒ မတူကွဲပြားသော်လည်း သဘောထားကြီးကြီး နားလည်မှုရှိရှိ နေထိုင်လာခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးသည်မှာ စိန်ရတုကာလသို့ပင် ရောက်ရှိလာပြီဖြစ်၍ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ နိုင်ငံများနှင့်တန်းတူ ရင်ပေါင်တန်း နိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် မဖြစ်မနေ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ယခုအခါ ပြည်ပအားကိုးသည့် အမျိုးသားသစ္စာဖောက် များက တိုင်းပြည်အလုံးစုံပျက်စီးရေးကို ကြံစည်အားထုတ်လျက်ရှိရာ အကြမ်းဖက်အဖျက် သမားများအား အားပေးဆောင်ရွက်ခြင်း မပြုလုပ်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော်စုစည်းနေထိုင်ကြ သောနိုင်ငံဖြစ်ပြီး မတူကွဲပြားမှုများနှင့် ပဋိပက္ခများကြားတွင် ဖြတ်သန်းခဲ့ရသော် လည်း မြန်မာ့သမိုင်းကြောင်း တစ်လျှောက်တွင် တိုင်းပြည်ပြိုကွဲပျက်စီးမည့် မည်သည့်အကြောင်းကိစ္စကိုမဆို လက်မခံတွန်းလှန် ဖယ်ရှားနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး၊ တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင် ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစား စွာတိုက်တွန်း အပ်ပါကြောင်း။