ဇလွန် မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ ၁၃၈၁ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ မြောက်ဘက်စောင်းတန်း မုခ်ဦးရှေ့၌ ယမန်နေ့ ညနေ ၅ နာရီ အချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းအနေဖြင့် ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တက်ရောက်လာသော တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက်အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုမာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဂန္ဓကုဋိတိုက်အတွင်း ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နာယကဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ် သရဇ္စျယ်ခဲ့ကြသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နာယကဆရာတော်ကြီးထံမှ သြဝါဒကထာ နာကြားခဲ့ပြီး ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နာယကဆရာတော်ကြီးထံမှ ရေစက်ချ တရားနာကြားခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ၁၃၈၁ ခုနှစ်ဗုဒ္ဓပူဇနိယပွဲတော်ကို ( မတ်လ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ) စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)