ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ပြည်ပကုန်သွယ် စီးပွားလုပ်ငန်းများကို ပြုလုပ်ရာတွင် အများအားဖြင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို အဓိကအားပြုလျက် ရှိပြီး လွန်ခဲ့သောကာလများက တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးကို ခေတ္တပိတ်ထား လိုက်သဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူနှင့်ကုန်သည်များ ထိခိုက်နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။
မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်-ရွှေလီ၊ ချင်းရွှေဟော်-လင်ချန်း၊ ကန်ပိုက်တီးထိန်ချုံးနှင့် လွယ်ဂျယ် -လုံချွမ် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုရှိသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံကြီး တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုအနက် မူဆယ်-ရွှေလီ စခန်းသည် နယ်စပ်ကုန်သွယ်မှုတန်ဖိုး၏ ၈၃ ရာခိုင်နှုန်းရှိသဖြင့် အများဆုံးကုန်သွယ်ရေး ဂိတ်ဖြစ်သည်။ ၎င်းစခန်းကို ယမန်နှစ်ကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လွယ်ဂျယ်စခန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်သဖြင့် စိုက်ပျိုးထုတ်လုပ်သူများ နှင့် ကုန်သည်များ ပြန်လည်ရှင်သန်လှုပ်ရှားလာကြသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသော ကုန်ပစ္စည်းများမှာ ဆန်၊ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်း၊ သစ်သီးဝလံ၊ လက်ဖက်ခြောက်၊ ရေထွက်ပစ္စည်း၊ ရော်ဘာ၊ ကျောက်မျက်ရတနာနှင့် တိရစ္ဆာန်ထွက်ပစ္စည်း အမျိုးမျိုးဖြစ်သည်။ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ အဓိကတင်သွင်းနေသော ကုန်ပစ္စည်း များမှာ စက်ပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတုကုန်ကြမ်းများ၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်းများဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်အချက်အလက်များအရ ၂၀၂၁ ခုနှစ် ပထမ ခြောက်လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၇ ဘီလီယံရှိပြီး ယခင် နှစ်များကထက် စီးပွားရေးခုနစ်ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံသည် လူဦးရေ သန်းပေါင်း တစ်ထောင်ကျော်ရှိပြီး များပြားသော လူဦးရေအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကို မြန်မာနိုင်ငံမှ အထောက်အကူပြုလျက်ရှိသည်။ မြန်မာနိုင်ငံမှ လိုအပ်လျက်ရှိသော စက်မှု ကုန်ကြမ်း၊ စက်ပစ္စည်းနှင့်လျှပ်စစ်ပစ္စည်း လိုအပ်ချက်များကို တရုတ်နိုင်ငံထုတ်များဖြင့် အဓိက အားပြုနေရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများမှာ ယမန်နှစ် ကာလများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းလိုအားနှင့် ဝယ်လိုအား ပြဿနာများဖြစ်သည်။ ထို့အပြင် ငွေကြေးလဲလှယ်ရာ၌ ပြဿနာများလည်းရှိရာ ယမန်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို မြန်မာ-တရုတ် နယ်စပ်ဒေသတွင် တရားဝင်တိုက်ရိုက် အသုံးပြု ပေးချေခွင့်ပြုခဲ့ပြီးဖြစ်ရာ မြန်မာ-တရုတ် ကုန်သည်များ ကုန်ရောင်း ကုန်ဝယ်ရာတွင် အဆင်ပြေကြသည်ဟုသိရသည်။
ကမ္ဘာပေါ်ရှိနိုင်ငံများသည် အမေရိကန်ဒေါ်လာကို အဓိကအခြေခံ၍ အသုံးပြုနေကြရာ ကုန်သွယ်မှုနှင့် ငွေကြေးဂယက်ရိုက်ခတ်မှုရှိတိုင်း အမေရိကန် ဒေါ်လာဈေး မြင့်တက်ပြီး ကုန်သွယ်ရောင်းဝယ်မှုတွင် ထိခိုက်နစ်နာမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ရွှေဈေး၊ စက်သုံးဆီဈေး၊ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာရခြင်း၏ အကြောင်းရင်း သည် နိုင်ငံရေးနှင့်မသက်ဆိုင်ဘဲ အမေရိကန်ဒေါ်လာ ငွေကြေးဈေးနှုန်း ဂယက်ရိုက်ခတ်မှု ကြောင့် ဈေးနှုန်းကြီးမြင့်လာခြင်းဖြစ်သည်။ အဆိုပါအချက်ကို ပြည်သူများသာ အဓိကထိခိုက် ခံစားနေကြ ရသည်ဖြစ်ရာ ယခုကဲ့သို့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို တရားဝင် အသုံးပြုနိုင်ခြင်းကြောင့် ငွေကြေးနှင့်ကုန်ပစ္စည်းဈေးကွက်တွင် ဂယက်ရိုက်ခတ်မှုကို သက်သာ စေနိုင်မည်ဖြစ်သည်။
နိုင်ငံရေးအခြေအနေကို အကြောင်းပြု၍ မြန်မာနိုင်ငံအား ဖိအားအမျိုးမျိုး ပေးနေချိန်တွင် ကိုဗစ်-၁၉ ကြောင့် ကျဆင်းနေသော မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာရေး၊ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် စားနပ် ရိက္ခာဖူလုံပေါများရေး၊ ပြည်ပသွင်းကုန်လျှော့ချရေး၊ ပြည်ပပို့ကုန် တိုးတက်တင်ပို့ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွက် အဓိက အားပြုနေသည့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်လမ်းပွင့် ချောမွေ့လာသဖြင့် ပြည်ပ ပို့ကုန်များကို တိုးတက်ထုတ်လုပ်တင်ပို့ကြရန် ကြိုးစားကြရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် စိန်ခေါ်မှုများ မည်မျှရှိသော်လည်း စီးပွားရေးတိုးတက်အောင် ဆောင်ရွက် ခြင်းဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပေသည်။ ယခုအခါ နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းနေသော စီးပွားရေးကိုပြန်လည် ဦးမော့အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။ ထို့အပြင် နယ်စပ် မှောင်ခိုဈေးကွက်၊ တရားမဝင် ဈေးကွက်ကို ထိန်းချုပ်နိုင်ပြီး ငွေကြေးဂယက်ရိုက်ခတ်မှု ကို အထိုက်အလျောက် ကျော်လွှားနိုင်မည်ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားဆက်ဆံရေး စီမံခန့်ခွဲမှုလုပ်ငန်းများကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း။ ။