နေပြည်တော် ဇန်နဝါရီ ၂၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်းနှင့် ၎င်းတို့၏ဇနီးများ၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြသည်။
ဗိုလ်လုပွဲပွဲစဉ်အဖြစ် ရခိုင်ပြည်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့သည် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အကောင်းဆုံးဂိုးသမားဆုရရှိသူ ရခိုင်ပြည်နယ် အသင်းမှ မတိုးရတနာစု ကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီရယ်က အကောင်းဆုံးနောက်တန်း ကစားသမားဆုရရှိသူ ရှမ်းပြည်နယ်အသင်းမှ မဖြူဖွေး ကိုလည်းကောင်း၊ ကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမား ဆုရရှိသူ ရခိုင်ပြည်နယ်အသင်းမှ မလှမြတ်သူ ကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ က အကောင်းဆုံးအလယ်တန်း ကစားသမားဆုရရှိသူ မွန်ပြည်နယ်အသင်းမှ မအင်ကြင်းမွှေး ကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် က အကောင်းဆုံးရှေ့တန်း ကစားသမားဆုရရှိသူ ရှမ်းပြည်နယ် အသင်းမှ မနန်းဖြူဖြူသွယ် ကိုလည်းကောင်း ဆုတံဆိပ်များနှင့် ငွေသားများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စတုတ္ထရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းအား ငွေသားဆုကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တတိယဆု ရရှိသည့် မွန်ပြည်နယ်အသင်းအား တစ်ဦး ချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် က ဒုတိယဆု ရရှိသည် ရှမ်းပြည်နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို လည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနာက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ပထမဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး(ဘောလုံး) ပြိုင်ပွဲများကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃) သင်းမှ ပြိုင်ပွဲဝင်အားကစားသမား (၂၈၉) ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)