Skip to main content

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ထားဝယ် မတ် ၄

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၈) နာရီ ခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ်၊ ဇလပ်ဖြူလမ်း၊ အကွက်အမှတ် (၂၄) အဆောက်အဦရုံးစိုက်ရာ နေရာတွင် ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ယခုအဆောက်အဦ တည်ဆောက်ရခြင်းတွင် ရည်မှန်းချက် (၂) ခု ပါဝင်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ အဆောင်အယောင်ဖြစ်ကြောင်းနှင့် တနင်္သာရီတိုင်းအတွင်းမှာရှိသော တိုင်းရင်းသား လူမျိုးစုများ၏ စုံမှတ် (Community Centre) ဖြစ်အောင် ရည်ရွယ်ထားကြောင်း၊ အောက်ထပ်တွင်ရုံးဖြစ်ပြီး အပေါ်ထပ်တွင်တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များက အစည်းအဝေး၊ နှစ်ပတ်လည်၊ အမျိုးသားနေ့၊ နှစ်သစ်ကူးနှင့် အခမ်းအနားများပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းပြောကြားပြီး တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းမြတ်သူက အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဝန်ကြီးဦးလှမော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသောနေရာအသီးသီးတွင် နေရာယူပြီး မင်္ဂလာချိန် ကျရောက်သည်နှင့်တပြိုက်နက် ပန္နက်တင်ရိုက်ပေးခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ (ထားဝယ်၊ မွန်၊ ကရင်) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တည်ဆောက်ခြင်းဖြစ်ပြီး၊ 2-Storyed R.C.C Building (80x60) ပေ၊ Accessories and 11 KV Line &11/0.4 KVm 100 KVA Transformer ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၃၂၅.၁၇၀၇၅) သန်းဖြင့် R.S.E Engineering Group Co.Ltd က တာဝန်ယူ ဆောင်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်