Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၂၉

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက် ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားများ၏ လေ့ကျင့် သရုပ်ပြသမှုအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါသရုပ်ပြပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်ဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

ဦးစွာ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားများက အားကစားအမျိုးအစား တစ်ခုချင်းစီ အဖွဲ့လိုက်မိတ်ဆက်ကြပြီး ဗိုဗီနမ်အားကစား အသင်း၊ ဂျူဒိုအားကစားအသင်း၊ တိုက်ကွမ်ဒိုအားကစား အသင်း၊ ပိုက်ကျော်ခြင်း အားကစားအသင်းနှင့် Myanmar Fitness Dance အဖွဲ့တို့က အားကစား အမျိုးအစားအလိုက် အားကစားစွမ်းရည်များ စွမ်းရည်သရုပ်ပြသကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အားကစားသမားများကို အမှာစကားပြောကြားရာတွင် အားကစားဆိုသည်မှာ နိုင်ငံတော်၏ဂုဏ်ကိုဆောင်သည့် ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်း ဆိုင်ရာများ၏ စွမ်းဆောင်ရည်ရှိမှုကို နိုင်ငံ၏ကိုယ်စားပြသခြင်းပင် ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန်လိုသကဲ့သို့ စိတ်ပိုင်းဆိုရာတွင် လည်း စိတ်ဓာတ်ကောင်းမွန်ရန်နှင့် မိမိတို့၏တစ်ဦးချင်း ဉာဏ်ရည်ကိုအသုံးချ၍ ယှဉ်ပြိုင်ဆောင်ရွက်ရန် လိုကြောင်း၊ တစ်ဦးချင်း ကစားသည့်ပွဲများတွင် ပြိုင်ဘက်ကစား သမား၏ အားနည်းချက်ကို မိမိ၏ အားသာချက်နှင့် အနိုင်ရရှိအောင် ဉာဏ်ကိုသုံး၍ ကစားရခြင်းဖြစ်သကဲ့သို့ အသင်းလိုက်ယှဉ်ပြိုင်သည့် ကစားပွဲများတွင်လည်း ကစားကွက်များဖြင့် အနိုင်ရရှိအောင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ နည်းစနစ်ပိုင်း ဆိုင်ရာများ ကျွမ်းကျင်ရန်လိုအပ်သကဲ့သို့ ကစားသမားတစ်ဦးချင် ကြံ့ခိုင်မှုရှိရန်လည်း လိုအပ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ရှေးယခင်ကတည်းက အားကစားနှင့်ပတ်သက်၍ အားပေး ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ မြန်မာ့လက်ရွေးစင်အားကစားအသင်းများ အနေဖြင့် မျှော်မှန်းသလောက် အောင်မြင်မှု မရရှိသည်ကို တွေ့ရကြောင်း၊ ထိုသို့အောင်မြင်မှု မရရှိခြင်းမှာ အားကစားသမားများသာမက တာဝန်ရှိသည့် နိုင်ငံတော်အဆင့်တွင် လည်း လိုအပ်ချက်များရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိရန်အတွက် အားကစားသမားများအနေဖြင့် ကြိုးစားဆောင်ရွက်ရန်လို ကြောင်း၊ အထူးသဖြင့် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်သည့် နိုင်ငံ့လက်ရွေးစင် အားကစား သမားများအနေဖြင့် နိုင်ငံ့ကိုယ်စားယှဉ်ပြိုင်မှု ပြုလုပ်ရာတွင် ပထမရရှိသည့် အသင်း၏ နိုင်ငံအလံများကို အလေးပြုရကြောင်း၊ ထိုသို့ အလေးပြု ချိန်တွင် မိမိတို့နိုင်ငံအလံ ဖြစ်ရန်လိုပြီး မိမိတို့ကိုဂုဏ်ပြုခံရသည့် အသိအမှတ်ပြုခံရသည့် ချီးမြှင့်ခံရခြင်းမျိုး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အတွက် ရရှိသည့် အချိန်အတွင်းကြိုးစား အားထုတ်လေ့ကျင့်၍ အောင်မြင်မှုများရရှိအောင် ဆောင်ရွက်ကြရန် နိုင်ငံ့လက်ရွေးစင် အားကစားသမားများကို တိုက်တွန်းပြောကြားလိုကြောင်း။

အလားတူ အားကစားသမားများ အနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရန် လိုကြောင်း၊ လေ့ကျင့်ရေးများ ဆောင်ရွက်ရာတွင်လည်း စိတ်ဓာတ်နှင့် စည်းကမ်းကို အခြေခံ၍ လေ့ကျင့်ရေးများကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပါကအောင်မြင်မှုအတွက် အလှမ်းမဝေးသည့် အခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ထားပြီး ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်မည် ဆိုပါက အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ ပြင်ဆင်ချိန်နှင့် ယှဉ်ပြိုင်ချိန်များတွင် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် သရုပ်ပြသမှုများတွင် ကြိုးစားအားထုတ်မှုများကို တွေ့မြင်ရကြောင်း၊ အဆိုပါကြိုးစား အားထုတ်မှုများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်၍ တိုးတက်မှုများရှိအောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအနေဖြင့် ကျန်းမာရေးမှအစ အစစအရာရာ ဂရုပြုကြရန်လိုကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ပတ်သက်၍ ကူးစက်မှုများ မရှိအောင် ဂရုတစိုက်ဖြင့် နေထိုင်၊ လုပ်ကိုင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အားကစား လှုပ်ရှားမှုများ ပြခန်းအား သွားရောက်ကြည်ရှုရာ နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရှင် အားကစားသမားများ ဖြစ်ကြသည့် ဗိုလ်ကြီး တင်အောင်၊ ဒေါ်သန်းသန်း၊ ဒေါ်မာမာမင်း၊ ဒေါ်နုနုရည်နှင့် ဒေါ်ခင်မူမူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အား ကစားလှုပ်ရှားဆောင်ရွက်မှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမ အတွင်းရှိ အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ပုံတူရုပ်တုများနှင့် ဓာတ်ပုံများ၊ အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ) အတွင်းရှိ ခေတ်အဆက်ဆက်မြန်မာ့ ဂုဏ်ဆောင်အားကစားသမားများ၏ ဆုရရှိခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် ဆုတံဆိပ်များနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်းတို့အား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြန်မာ့အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးနှင့် ခရိုင်အဆင့်၊ မြိုနယ်အဆင့်များတွင် အဆင့်မီ ဘောလုံး အားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများနှင့် ရေကူးကန်များ တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အားကစားပွဲများ ပြုလုပ်နိုင်ရန်အတွက် အားကစားကွင်းများ စနစ် တကျဖြင့် တည်ဆောက်ပေးရန်လိုကြောင်း၊  အားကစားသမားများ နည်းစနစ်မှန်ကန်စွာဖြင့် လေ့ကျင့်နိုင်ရေး နည်းစနစ်ဆိုင်ရာနည်းပြများနှင့် ကြံ့ခိုင်ရေးဆိုင်ရာနည်းပြများ လိုအပ်ကြောင်း၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ၏ ဘဝအာမခံချက်ရှိစေရေး အတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းမှာကြားပြီး အခြားလိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်း ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်