Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။

ကြိုတင်အသိပေးခြင်းဖြစ်

ဦးစွာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ်အခြေအနေ ကြေညာထားသည့်  ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန်ကိစ္စနှင့် စပ်လျဉ်း၍ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပြည့် တာဝန် ထမ်းဆောင်ခဲ့မှုအခြေအနေ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်းခဲ့ရသည့်အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး” အတွက် ရွေးကောက်ပွဲ မကျင်းပမီနှင့် ကျင်းပအပြီး နိုင်ငံတော်အဆင့်အခမ်းအနားများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်း၊ သံတမန်များ၊ နိုင်ငံတကာကိုယ်စားလှယ် များနှင့် တွေ့ဆုံခြင်း၊ သတင်းမီဒီယာများနှင့် တွေ့ဆုံခြင်း၊ တပ်မိသားစုများနှင့် တွေ့ဆုံခြင်းစသည့် အခမ်းအနား ၂၄ ကြိမ်၌ ထုတ်ဖော် ပြောကြားခဲ့ပြီး တရားဝင်သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ အခြေခံဥပဒေ ပုဒ်မ ၆(စ) အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ၊ ပုဒ်မ ၂၀(င) ဒို့တာဝန် အရေးသုံးပါးကာကွယ်ရန်၊ ပုဒ်မ ၂၀(စ) အခြေခံဥပဒေကာကွယ်ရန် မူများအရ ပြောသင့်သည်များကို ကြိုတင်သတိပေးခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမဲပေးခဲ့ကြရာ၌ တပ်မတော်က စိစစ်တွေ့ရှိရသော မဲမသမာမှု ၁၀,၄၈၂,၁၁၆ (၁၀ သန်းကျော်၊ မဲပေးသူဦးရေ၏ ၄ ပုံ ၁ ပုံခန့်) ရှိကြောင်း၊ မဲမသမာမှုများသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သဖြင့် တပ်မတော်နှင့် နိုင်ငံရေးပါတီများက UEC အဆင့်၊ ၎င်းမှ ပြည်ထောင်စုလွှတ်တော်အဆင့်၊ ၎င်းမှအစိုးရအဆင့် ဖြေရှင်းပေးရန် ဥပဒေနှင့်အညီ တောင်းဆို ခဲ့ပါကြောင်း၊ တပ်မတော်ကအရာရှိကြီး ၂ ဦးအားစေလွှတ်၍ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ နှင့်တွေ့ဆုံပြီး “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူဆောင်ရွက် ဖြေရှင်းရန် ၂ ကြိမ်တိုင် တင်ပြပြောဆို ခဲ့ပါကြောင်း၊ နောက်ဆုံးအစိုးရနှင့် NLD ပါတီမှ တာဝန် အရှိဆုံးပုဂ္ဂိုလ်များထံ ကိုယ်စားလှယ်များ အပြန်အလှန်စေလွှတ်၍ တွေ့ဆုံညှိနှိုင်း အဖြေရှာရေး ဖြစ်နိုင်သမျှ နည်းလမ်းစုံဆောင်ရွက်ခဲ့သော်လည်း ငြင်းပယ်ခြင်းခံရပါကြောင်း၊ မဲမသမာမှုများကို ရင်ဆိုင်မဖြေရှင်းရဲဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အား ခေါ်ယူရန် မတရားကြိုးပမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှု၌ ကြီးမားသော အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်သဖြင့် ပုဒ်မ ၄၁၇၊ ၄၁၈ နှင့် ၄၁၉ တို့အရ နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရပါကြောင်း။

အရေးကြီးသော ရွေးကောက်ပွဲဖြစ်

မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ်ပြုလုပ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား တပြိုင်တည်း ရွေးချယ်သည့် အထွေထွေရွေးကောက်ပွဲဖြစ်ပါကြောင်း၊ ၎င်းလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော်ကျင်းပပြီး နိုင်ငံတော်ဒုတိယသမ္မတများ၊ ၎င်းတို့ထဲမှ နိုင်ငံတော် သမ္မတအား ရွေးချယ်ရပါကြောင်း၊ သမ္မတကအစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပါကြောင်း၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်းများပြုလုပ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်ကြီး ၃ ရပ်၏ အကြီးအကဲများ၊ ပါဝင်ကြသူများသည် ရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက် ရွေးချယ်/တာဝန်ပေးခံရသူများ ဖြစ်သည့်အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီစနစ်၊ နိုင်ငံရေးစနစ်၏ အုတ်မြစ်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသော ရွေးကောက်ပွဲဖြစ်ပါကြောင်း။

နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်၍ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်၊ စည်ပင်ရိပ်သာတွင်ရှိနေသည့် စောင့်ကြည့်ခံ လွှတ်တော်အမတ်များကို လက်ရှိ နိုင်ငံ့ဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောပြပြီးနောက်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွှတ် ပေးခဲ့ပါကြောင်း၊ ဒီမိုကရေစီအနှစ်သာရ မထိခိုက်စေရန် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား တပ်မတော်သားများ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့် သင့်တော်သည့် ပါတီခေါင်းဆောင်များဖြင့် မျှတစွာဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်မှ သည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းရာတွင်လည်း အရပ်ဘက်ပုဂ္ဂိုလ်များကိုသာ ဦးစီးလုပ်ဆောင်စေခဲ့ပါကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ ကော်မတီ ၃ ရပ် ဖွဲ့စည်းခဲ့ပြီး မတ်လ ၃ ရက်နေ့တွင် မူဝါဒ(၅)ခု ချမှတ်ခဲ့ပါကြောင်း၊ ညှိနှိုင်းရေးကော်မတီသည် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသည့် EAO များနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့များနှင့် ၂ ကြိမ်၊ စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါကြောင်း။

ဒေသ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး နှစ်နိုင်ငံသဘောတူ ထုတ်ပြန်ချက်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသခရီးစဉ် ၁၇ ခု သွားရောက်၍ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြုမှာကြားခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း၊ ရေရှည်အနာဂတ်အတွက် အစီအမံများ လမ်းညွှန်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အတူ လက်တွဲလုပ်ဆောင်နေသည့် တိုင်းရင်းသားကောင်စီ အဖွဲ့ဝင်များကလည်း ဒေသအကျိုး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ် ၂၉ ခု သွားရောက်၍ ဒေသ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ဆက်လက်၍ ဦးစားပေးလုပ်ဆောင်မည့် အချက်များနှင့် ပတ်သက်၍ပြောကြားရာတွင် “မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (least Development country) ဖြစ်ပါသည်၊ နိုင်ငံ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်နေသူများဖြစ်ပြီး ၃၀ ဒသမ ၄ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲသူများဖြစ်တဲ့အတွက် နိုင်ငံရဲ့ဖြေရှင်းရန်ရှိသည်များ ဖြေရှင်းဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွား တိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် လုပ်ဆောင်ရန်လိုပါတယ်၊ တုံ့ဆိုင်းနေပါက မိမိတို့နိုင်ငံသာ အခြားနိုင်ငံများရဲ့နောက်မှာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်၊ ဒါကြောင့် အမျိုးသား နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခု တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေး လုပ်ငန်းစဉ် ၂ ခု၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်၊ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ပါတယ်၊ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ပိုမိုခိုင်မာစေဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့အရေးကြီး ပါတယ်၊ ဒါကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ်၊ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်း များအားလုံး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ကျွန်တော် ပြောကြားခဲ့ပါတယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အသင့်ရှိနေကြောင်း ပြသခြင်းလည်းဖြစ်ပါတယ်။” ဟု ပြောကြားသည်။

ဥပဒေနှင့်အညီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့

လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်ကနိုင်ငံတော်တာဝန်ရယူ မထိန်းသိမ်းမီ အခြေအနေနှင့်ပတ်သက်ပြီး မဲမသမာမှုများ၊  UEC ၏ ဖြေရှင်းမပေးမှုများကြောင့် UEC အား ကန့်ကွက်ဆန္ဒပြမှုများ၊ ပါတီများက ဖြေရှင်းပေးရန်တောင်းဆိုမှုများကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသည့် အခြေအနေဖြစ်ကြောင်း၊ အခြေခံဥပဒေနှင့်အညီ မဲမသမာမှုများကို ဖြေရှင်း နိုင်ရေးနှင့် ဒုတိယအကြိမ်လွှတ်တော်၌ မပြီးပြတ်သေးသည့်ကိစ္စရပ်များ ဆွေးနွေးနိုင်ရေး ထိုစဉ်ကလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက အခြေခံဥပဒေပုဒ်မ ၈၄ အရ ဥပဒေနှင့်အညီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ယိမ်းယိုင်၍ အငြင်းပွားမှုများမှတစ်ဆင့် တည်ငြိမ်မှုပျက်ပြားနေပါကြောင်း၊ ယေဘုယျ အားဖြင့် EAO နယ်မြေများတွင် ထိတွေ့မှုများ ပုံမှန်ရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၌ AA လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ပိုမိုပြင်းထန်ခဲ့ပါကြောင်း။

တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက် အခြေအနေနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်မှုမှသည် လက်နက်ကိုင် သောင်းကျန်းမှုအသွင်ထိ ပြောင်းလဲ လာခြင်းနှင့်ပတ်သက်ပြီး  လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရှိသူများက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အမည်ဖြင့် တရားမဝင်ကော်မတီတစ်ခုဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့် ဆန္ဒပြမှု(Riot) အသွင် ဆူပူ အကြမ်းဖက်ဆန္ဒပြမှု (Anarchy Mob) ကို ဆောင်ရွက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားဖြင့် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ရရာ လက်နက်ဖြင့် အသက်အန္တရာယ်ရှိအောင် အကြမ်းဖက် တိုက်ခိုက်သည့် (Insurrection) လုပ်ရပ်များ ဆောင်ရွက်လာကြောင်း၊ မတ်လ ၂၇ ရက်နေ့အား CRPH အမည်ခံ အကြမ်းဖက်အဖွဲ့က ပြည်သူ့တော်လှန်ရေးနေ့ဟု အမည်တပ်ကာ တစ်နိုင်ငံလုံး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်လာပါကြောင်း၊ ပြည်သူပိုင် အဆောက်အဦ များ၊ စက်ရုံ/ အလုပ်ရုံများ၊ အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ဆေးရုံများ၊ ကျောင်းများ၊ မော်တော်ယာဉ်လိုင်းများကိုပါ တိုက်ခိုက်လာခဲ့ပြီး အလုံးစုံ ပျက်သုဉ်းရေးအတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း (Terrorism) ပြုလုပ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၆ မြို့နယ်၌ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ခဲ့ရပါကြောင်း၊ ဥပဒေနှင့်မညီသော CRPH အကြမ်းဖက်အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးထောက်ပံ့ခြင်း၊ ဦးဆောင်မှု ပြုခြင်းများ ဆောင်ရွက်လာပါကြောင်း။

အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့

လူငယ်များအား NLD ပါတီအစွန်းရောက်များနှင့် ၎င်းပါတီကို ထောက်ခံအားပေး အစွန်းရောက် သူများကအသုံးချပြီး EAO နယ်မြေများ ဖြစ်သည့် KNU ၊ KIA ၊ KNPP စသည့်နယ်မြေတို့တွင် စစ်သင်တန်းများ တက်ရောက်စေခဲ့သည့်အပြင် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို အကြမ်းဖက် လုပ်ရပ်များတွင် လုပ်ဆောင်တတ်စေရန် သင်တန်းပေးခြင်းနှင့် လက်နက်/ ခဲယမ်းများ ထောက်ပံ့ခြင်းတို့အပြင် အကြမ်းဖက် လုပ်ရပ်များတွင်ပါ ပူပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဆိုပါလုပ်ရပ်များကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပါ ကြောင်း၊ CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက်  စက်တင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန်ကြေညာခဲ့ရာ ချင်းပြည်နယ်၊ ထန်တလန်နှင့် မင်းတပ်မြို့၊ မကွေးတိုင်းဒေသကြီး၊ ကင်းမကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ရွာသာယာကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး နေရာအချို့၊ ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မိုးဗြဲ စသည့်ဖြစ်စဉ်တို့တွင် စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်သည်အထိ အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်၍ အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ အကြမ်းဖက်သမားတို့၏ လုပ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအနေနှင့် ပျက်စီးဆုံးရှုံးမှု စက်ရုံ/အလုပ်ရုံ ၂၅ ခု၊ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ၃၄၁ ခု၊ ဌာနဆိုင်ရာရုံးများ ၇၀၂ ခု၊ နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များ ဖျက်ဆီးခံရမှု ၇၄ ခု၊ လမ်း/တံတားများဖျက်ဆီးခံရမှု ၅၂၄ ခု၊ ဈေးများဖျက်ဆီးခံရမှု ၁၇ ခု၊ ဆေးရုံ/ ဆေးခန်းများဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေး အဆောက်အဦများ ပျက်စီးမှု ၅၀၄ ခု၊ တယ်လီဖုန်း တာဝါတိုင်များပျက်စီးမှု ၄၆၅ ခု၊ လူနေအိမ်များပျက်စီးမှု ၄၁၇ လုံးတို့ ဖျက်ဆီးခံခဲ့ရ မှုရှိခဲ့ပါကြောင်း၊ သေဆုံး/ဒဏ်ရာရမှုများ အနေဖြင့် ရဟန်း/ သံဃာ ၂၀ ပါး၊ အစိုးရဝန်ထမ်း ၉၅ ဦးနှင့် ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသေဆုံးမှု ၃၆၇ ဦးနှင့် ဒဏ်ရာရရှိမှု ၃၃၆ ဦးထိရှိခဲ့ပါကြောင်း၊ တစ်နှစ်တာကာလပတ်လုံး အကြမ်းဖက်မှု ၉,၄၃၇ ကြိမ်ဖြစ်ပေါ် ခဲ့၍ လက်နက်မျိုးစုံ ၅,၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁,၈၉၀ လုံးနှင့် လက်လုပ်မိုင်း/ဗုံး ၁၁,၄၂၄ လုံး သိမ်းဆည်း ရမိခဲ့ပြီး အကြမ်းဖက်သူ ၄,၃၃၈ ဦးအား ဖမ်းဆီးရမိခဲ့ပါကြောင်း။

ဈေးကွက်တွင် ဝယ်လိုအားကျဆင်း

စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်းပြီးနောက် အခြေအနေများ၊ နိုင်ငံတကာ၏ ဝိုင်းဝန်းပိတ်ဆို့မှုများနှင့် ပတ်သက်၍ ပြည်တွင်းစီးပွားရေးအခြေအနေနှင့် ပြည်ပသွေးထိုးလှုံ့ဆော်မှုများအရ ဘဏ်လုပ်ငန်းများကို ယုံကြည်မှုကျဆင်းပြီး ပုံမှန်မလည်ပတ်နိုင်သည့်အတွက် ဘဏ်လုပ်ငန်းတွင် ငွေသားလည်ပတ် စီးဆင်းမှုခက်ခဲခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့်ကုန်သွယ်မှု ကျဆင်းစေရေးအတွက် သက်ဆိုင်ရာ နိုင်ငံခြားအဆက်အသွယ်များကို တိုက်ရိုက်/ သွယ်ဝိုက် ဖိအားပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သယ်ယူ ပို့ဆောင်ရေးနှင့် သွင်းကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကွက်တွင် ဝယ်လိုအားကျဆင်းခြင်းများ ဖြစ်ခဲ့ပါကြောင်း။

USD (၅၀၈.၈)သန်း အား ရောင်းချ

ဘဏ်ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန် ထိန်းသိမ်းပြီး နောက်ပိုင်း ပုဂ္ဂလိကဘဏ်ကဏ္ဍ၌လည်း CDM ဆောင်ရွက်မှုများ၊  Online ငွေပေးချေမှုနှင့် ဘဏ်စနစ်များ အား တွင်ကျယ်စွာအသုံးပြု နေကြသော်လည်း ပြည်ပနိုင်ငံများ၏ ဘဏ်များဆီမှ ငွေများ အစုလိုက်၊ အပြုံလိုက်ပြန်လည်ထုတ်ယူရေး၊ ဘဏ်စနစ်နှင့် လုပ်ငန်းများ ပြိုပျက်စေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရေးတို့အတွက် သွေးထိုးလှုံ့ဆော်ခဲ့ကြပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ဈေးကွက်အတွင်းလိုအပ်သည့် နိုင်ငံခြားငွေ ဖြည့်တင်းရန်နှင့် စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ်ဆေးဝါး၊ လျှပ်စစ်နှင့် Telecom Sector များ အတွက် သွင်းကုန်လုပ်ငန်းရှင်များသို့ အမေရိကန် ဒေါ်လာ လိုအပ်ချက်အတွက် အထူးနိုင်ငံခြားငွေ ဈေးပြိုင်လေလံမှတစ်ဆင့် ၂၁-၁-၂၀၂၂ ရက်နေ့အထိ USD (၅၀၈.၈)သန်း အား ရောင်းချပေးခဲ့ပါကြောင်း။

ပြည်တွင်းဖြစ်ကိုအားပေး

ကုန်သွယ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ယာယီစာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန် ဒေါ်လာ ၁၅.၃၆ ဘီလီယံ၊ သွင်းကုန် ဒေါ်လာ ၁၄.၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀.၀၅ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၆၇၇ သန်းကျော် ရှိခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီအနေဖြင့်  ဒီမိုကရေစီပထမ အစိုးရ သက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ စုစုပေါင်း ၁၆,၂၇၃ ကျပ်ဘီလီယံ၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပ ကြွေးမြီ ၅၂,၄၈၈ ကျပ်ဘီလီယံအထိ များပြားလာ သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီများသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့် လာသည် ကိုတွေ့ရှိရပါကြောင်း၊ ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သွင်းကုန်များလျော့ချနိုင်ရေးနှင့် ပြည်တွင်း အလုပ်အကိုင်များ ဖန်တီးနိုင်ရန်အတွက် ပြည်တွင်းဖြစ် ကိုအားပေးမှု၊ ပြည်တွင်းကုန်ထုတ်လုပ်မှု ကို အားပေးမှုများ အထူးလိုအပ်ပါကြောင်း။

ဒေသအနှံ့အပြားတွင် ထုတ်လုပ်

ဥပမာအနေဖြင့် နိုင်ငံတွင်း၌ ဘိလပ်မြေစက်ရုံများ အလုံအလောက်ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ဘိလပ်မြေတင်သွင်းမှု ၉၅၆,၈၂၅ တန် တင်သွင်းခဲ့ပြီး တန်ဖိုး ဒေါ်လာ ၇၃.၆၁၀ သန်းရှိကြောင်း တွေ့ရပါကြောင်း၊ သံနှင့်သံမဏိ တင်သွင်းမှုအနေဖြင့် စုစုပေါင်း ဒေါ်လာသန်း ၈၅၉.၄၆ တန်ဖိုး တင်သွင်းခဲ့ပါကြောင်း၊ နိုင်ငံတွင်း၌ ဘိလပ်မြေနှင့်သံမဏိ ထုတ်လုပ်နိုင်သည့် ထုံးကျောက်၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဒိုလိုမိုက် စသည့် ကုန်ကြမ်းများ လုံလောက်စွာ ရှိသော်လည်း သံနှင့်သံမဏိ စက်ရုံများ တည်ဆောက်ရန် အားပေးမှု၊ သံနှင့်သံမဏိစက်ရုံများ လည်ပတ်ရန် ကြိုးစားအားထုတ်မှု မရှိခဲ့သည့်အတွက် ပြည်ပမှမှာယူတင်သွင်းခဲ့ရပါကြောင်း၊ ပြည်တွင်း၌လည်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရပါကြောင်း၊ မိမိတို့နိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ကိုင် ခဲ့ရပါကြောင်း၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေရသည့် မိမိနိုင်ငံသား များသည် ပြည်ပနိုင်ငံများ၏ ဥပဒေနှင့် စည်းကမ်းများအတိုင်း နေထိုင်ကြရပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက် တွင် ယခင်က ရပ်ဆိုင်းထားသည့် သံနှင့်သံမဏိစက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနိမ့်ဆုံး အဆင့် အဆောက်အဦ ဆောက်လုပ်ရေးတွင် အသုံးပြုသည့်သံချောင်း၊ သံလုံးများကို ဒေသအနှံ့အပြားတွင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

စားသောက်မှုပုံစံ ပြောင်းလဲ

၂၀၂၁ ခုနှစ်တွင် စားအုန်းဆီအပါအဝင် ဆီတင်သွင်းမှုမှာ ၈၅၈,၆၈၅.၂၇၁ တန် (တန်ချိန် ၈.၅ သိန်းကျော်ခန့်) ဒေါ်လာ ၈၆၆.၇၁၁ သန်းတန်ဖိုး ဖြစ်ပါကြောင်း၊ ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ပြည်ပမှတင်သွင်းမှု လျော့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ခန့်မှန်း လူဦးရေ ၅၅ သန်းခန့် ရှိပါကြောင်း၊ ကျန်းမာရေးအရ လူတစ်ဦးတစ်ရက်တွင် အနည်းဆုံး စားသုံးသင့်သည့်ဆီ ၂ ဒသမ ၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာ စားသုံးသည့်ဆီမှာ ၈ ပိဿာနှင့်တွက်လျှင် တစ်နှစ်တွင် စားသုံး သင့်သည့်စားသုံးဆီသည် တန်ချိန် ၇ သိန်းကျော် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ပန်းနှမ်းနှင့် ဆီအုန်းများမှ ဆီထုတ်လုပ်နိုင်သဖြင့် မိမိတို့ပြည်သူ၊ ပြည်သားများသည် လူတစ်ဦးတစ်ရက်တွင် အနည်းဆုံးစားသင့်သည့် စားသုံးဆီထက် ပိုမိုစားသုံးနေကြောင်း တွေ့ရှိရပါကြောင်း၊ စားသုံးဆီ အလွန်အကျွံ စားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှုများ၊ ၎င်းမှ နိုင်ငံအဆင့် ကုန်ကျမှုများ များပြားလာမည်ဖြစ်သည့်အပြင် တစ်ဦးချင်း၏ ကျန်းမာရေး၊ နိုင်ငံအဆင့် အမျိုးသား ကျန်းမာရေးကိုပါ ထိခိုက်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ တစ်ဦးချင်း ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးကိုရှေးရှု၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာပေးမှုများ၊ စားသောက်မှုပုံစံ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်လျက်ရှိပါကြောင်း။

ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလို

အလားတူ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ၁ သန်းကျော်နှင့် ဆိုင်ကယ် ၆ သန်းကျော် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စက်သုံးဆီ တင်သွင်းခဲ့မှုသည် တန်ချိန် ၄.၁၂ သန်းကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၂,၄၉၆.၆၅၂ သန်းရှိခဲ့ပါကြောင်း၊ ထိုသို့ ဖြစ်ရခြင်းသည် မြန်မာ နိုင်ငံတွင် အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ် (Public Transportation) အားနည်းခြင်းကြောင့် ကိုယ်ပိုင်ယာဉ်များကိုအားထားလာခြင်း ဖြစ်ပါကြောင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်သည့် ရထား၊ ဘက်စ်ကား၊ သင်္ဘောရေယာဉ်များ၏ ဝန်ဆောင်မှုကိုမြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်းဆောင်ရွက်၍ ၎င်းကိစ္စကို ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ရထားပို့ဆောင်ရေးစနစ်၊ ဘက်စ်ကား ယာဉ်များနှင့် ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်များနှင့် ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  တိုင်းရင်းသားပြည်သူလူထု အနေနှင့်လည်း ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ဝိုင်းဝန်း ကူညီကြရန် တိုက်တွန်းလိုပါကြောင်း၊ ဥပမာ-ဆိုင်ကယ် ၆ သန်းသည် တစ်ရက်လျှင် ဆီသုံးစွဲမှု နို့ဆီဗူးတစ်ဝက်ခန့် လျှော့ချလျှင် တစ်ရက် ဂါလန် ၁၂၅,၀၀၀ သက်သာမည်ဖြစ်၍ ကားတစ်စီးသည်လည်း တစ်ရက်လျှင်ဆီသုံးစွဲမှု ၁ လီတာ ပုလင်းတစ်ဝက်လျှော့ချနိုင်ပါက တစ်ရက်လျှင်ဂါလန် ၁၂၅,၀၀၀ လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆,၀၀၀ ကျပ် ပျှမ်းမျှဈေးဖြင့်တွက်ကြည့်လျှင်ပင် တစ်ရက် ငွေကျပ် ၁.၅ ဘီလီယံထိ လျှော့ချ နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖြစ်လာရန်မှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန်လည်း ဆက်လက် နှိုးဆော်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျေးလက်နှင့်မြို့ပြကွာခြားမှု နည်းပါးရေး ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိထုတ်လုပ်နိုင်မှုသည် များစွာအထောက်အကူပြုသည်။ နိုင်ငံတိုင်းသည် နိုင်ငံ၏လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုအား နည်းလမ်း မျိုးစုံ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်စွမ်းအားသည် ပြည်သူများ၏ လူမှုစီးပွားဘဝများအတွက်များစွာ အထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးရေး အတွက် များစွာအထောက်အကူပြုသဖြင့် တန်ဖိုးဖြတ်၍မရနိုင်သော အရာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း သဘာဝအရင်းအမြစ်များဖြစ်သည့် နေအား၊ ရေအား၊ လေအားများရှိပြီးဖြစ်ပါကြောင်း၊ အစိုးရအဆက်ဆက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေး ဆောင်ရွက်ထုတ်လုပ် ခဲ့သော်လည်း ပြီးခဲ့သည့်အစိုးရလက်ထက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုအကြောင်းပြ၍ နိုင်ငံရေးအရအသုံးချပြီး ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုစီမံကိန်း အခက်အခဲဖြစ်စေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများအား အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည်ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးများအား တိကျစွာ တွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသော အကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍မရအောင် ကြီးမားပါကြောင်း။

လျှပ်စစ်သုံးစွဲမှုကို ပိုမိုအထောက် အကူပြု

မြန်မာနိုင်ငံတွင် မိုးများသော ဒေသများမှအပ ကျန်နိုင်ငံ တစ်ဝှမ်းလုံးတွင် နေသာသည့်ရက် တစ်နှစ်လျှင်ရက် ၂၀၀ မှ ၂၅၀ ထိရှိသဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ လုံလောက်စွာ တည်ဆောက်ရေးဆောင်ရွက်ပါက နိုင်ငံတော်လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာများအတွင်း ဆိုလာပြား စနစ်သုံး လျှပ်စစ်ဓာတ်အား တပ်ဆင်ထုတ်လုပ်ပါက ကျေးရွာနေပြည်သူများ၏ လျှပ်စစ်သုံးစွဲမှုကို ပိုမိုအထောက်အကူပြုရုံသာမက လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုလည်း ရှိလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်သည်သာမက မြို့ပြစီမံကိန်းများတည်ဆောက်ရာတွင် လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်စ်ကား လုပ်ငန်းများနှင့် လျှပ်စစ်ရထားလုပ်ငန်းများကိုလည်း အထောက်အကူပြု စေပါကြောင်း။

လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကနိုင်ငံတော်တာဝန်ရယူ မထိန်းသိမ်းမီ ဘာသာ၊ သာသနာ ဖျက်ဆီးခံရမှုအခြေအနေနှင့် ပတ်သက်ပြီး ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ရှိပြီးဖြစ်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကဲ့သို့သော ဘာသာ၊ သာသနာရေးနှင့် ပရဟိတ တွဲဖက်ဆောင်ရွက်သော အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ဘုရားပုထိုးများဖူးမြော်ခွင့်နှင့် ဘာသာရေး အဆောက်အဦ အတွင်း ဘုရားဝတ်ပြု၊ ကြည်ညိုခွင့်များကို ပိတ်ပင်ခဲ့ပါကြောင်း၊ သာသနာ့ ဝန်ထမ်း ရဟန်းတော်များကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းသယောင် ဝါဒဖြန့်ခဲ့ပါကြောင်း။

မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပညာရပ်များသည် National Treasure များဖြစ်ပါကြောင်း၊ မြန်မာတို့သည် ရုပ်ပိုင်း၊ စိတ်ပိုင်း ယဉ်ကျေးသိမ်မွေ့သူများဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရသက်တမ်းကာလတွင် မြန်မာ့ ယဉ်ကျေးမှုအတွက် စိုးရိမ်ရေအမှတ် အနေအထားဖြစ်လာရသည့်အပြင် ရွှေတိဂုံစေတီပုံရိပ်ပေါ်၌ ဖိနပ်နင်းအက ကသည်အထိ ဘာသာရေးနှင့် ယဉ်ကျေးမှု နယ်ပယ်ပျက်စီးခဲ့ရပါကြောင်း၊ မြန်မာ့ ဓလေ့ဖြစ်သည့် ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူ ကိုသနားဟူသော မွန်မြတ်လှသည့် အလေ့အကျင့်များအပေါ် Online Media များ အသုံးချ၍ လူငယ်တို့၏ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်များအား ဖျက်ဆီးခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များထဲစိမ့်ဝင်နေမှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါအကြောင်းပြုပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများအား တားမြစ်ပိတ်ပင်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံပညာကျောင်း သင်ခန်းစာ များတွင်  မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေသော Sex Education သင်ခန်းစာများအား ထည့်သွင်းသင်ကြားစေခဲ့ပါကြောင်း၊ နိုင်ငံရေးသမားများက သမိုင်းအမှန်ကိုဖုံးကွယ်၍ လူငယ်ထုအတွင်း တပ်မတော်အား အမုန်းများရန်ပွားစေရန် နားယောင်ထိုးသွင်း လှုံ့ဆော်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း။

ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိ

တပ်မတော်က နိုင်ငံတော်တာဝန်ယူနောက် အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်၌ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အားတည်ဆောက် ပူဇော်လျက်ရှိပြီး ယခုအခါ ဆင်းတုတော်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်းအား နေရာချထားမှုပြီးစီးခဲ့ပြီး ကျန်ဆင်းတုတော်အစိတ်အပိုင်းများကို CNC စက် ဖြင့် ဆက်လက်ထုဆစ်လျက်ရှိကြောင်း၊ ရင်ပြင်တော်ပတ်လည် အခြေခံတည်ဆောက်မှု အကြမ်းထည်ပြီးစီးပြီဖြစ်ကြောင်း၊ အလားတူ အဆိုပါဗုဒ္ဓဥယျာဉ်အတွင်း ပိဋကတ်သုံးပုံ ပါဠိတော်အဋ္ဌကထာဋီကာကျမ်းစာများကိုလည်း စကျင်ကျောက်များပေါ်၌ ခေတ်မီစက် ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Roamnize Language တို့ဖြင့် ရေးထိုးပူဇော်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း။

လူသားချင်းစာနာထောက်ထား

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ ဖျက်ဆီးမှိုင်းတိုက်ဝါဒဖြန့် လှုံ့ဆော်မှု၏ အကျိုးဆက်ကြောင့် အချို့က Generazation-Z ဟု ခေါ်သော လူငယ်များမှာ နိုင်ငံရေးသမားတို့၏ အသုံးချမှုအပေါ် အယုံလွယ်လမ်းမှားရောက်ခဲ့ပြီး ဆရာ/ ဆရာမ ၃၇ ဦး သတ်ဖြတ်ပြီး ၃၀ ဦးကို ထိခိုက်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခြင်း၊ ရဟန်း သံဃာ ၂၀ ပါးအား သတ်ဖြတ်စော်ကားခြင်း၊ စာသင်ကျောင်း များအားမီးရှို့ဖျက်ဆီးခြင်း ၅၀၄ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီအစိုးရ ဒုတိယ သက်တမ်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါ အကြောင်းပြ၍ ပိတ်ထားခဲ့သည့် ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေးအဆောက်အဦများတွင် ဘုရား ဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အကြမ်းဖက် အုပ်စုများဖြစ်သည့် CRPH ၊ NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံး အသီးသီးတွင်တရားစွဲဆိုခြင်း ခံနေရသူများကို လူသားချင်းစာနာထောက်ထားမှုများအား အလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် အတွက်အကျဉ်းသား၊ အကျဉ်းသူ ၄၇,၈၇၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်တို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် အကောင်အထည်ဖော်မှုအခြေအနေ နှင်စပ်လျဉ်၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည် ဖော် ဆောင်ရွက်မှုအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မဲမသမာမှုဖြစ်စဉ်ပေါ် မူတည်၍ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်” ဟူသည့်အချက်ကို ပထမအချက် လုပ်ငန်းစဉ်ထားခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂ ရက်နေ့တွင် ကော်မရှင် အဖွဲ့အသစ်အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်မှ ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသည့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံမေးမြန်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄,၆၄၈,၂၇၀ ဦး (၄.၆ သန်းကျော်) အသက် ၁၈ နှစ် မပြည့်ဘဲ မဲပေးခဲ့သူ ၁၄,၄၁၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲပေး ခဲ့သူ ၂၀,၅၆၆ ဦး၊ ၂ ကြိမ်နှင့် ၃ ကြိမ်အထက် မဲပေးခဲ့သူ ၃,၈၉၁,၆၁၁ ဦး အပါအဝင် မဲမသမာမှုစုစုပေါင်း ၁၁,၃၀၅,၃၉၀ ဦး (၁၁ သန်း ၃ သိန်း ကျော်) ရှိကြောင်း တွေ့ရှိရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄,၆၄၈,၂၇၀ (၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းဆိုင်ရာ အချက်အလက်များကိုအခြေခံပြီး တွက်ချက်ထားချက် အရ ၁-၄-၂၀၂၁ ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက် ခန့်မှန်း လူဦးရေ ၃၇,၂၉၉,၈၅၈(၃၇ ဒသမ ၂၉ သန်း)ဖြစ်ပြီး မှတ်ပုံတင် နိုင်ငံသားကတ် မရှိသည့် နိုင်ငံသားများ ၃ ဒသမ ၄ သန်းကျော်ရှိနေပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အကျုံးဝင်သော (ဥပဒေ အရနိုင်ငံသားများ) အားလုံးကို “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရန်အတွက် ၃-၅-၂၀၂၁ ရက်နေ့မှစ၍ စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မှတ်ပုံတင်ပြုလုပ်ရမည့်လူဦးရေ ၃,၄၉၁,၃၆၄ ဦး(၃ ဒသမ ၄ သန်းကျော်) အနက်  ၂၁-၁-၂၀၂၂ ရက်နေ့အထိ ၁,၉၀၅,၈၄၃ ဦး(၂ သန်းနီးပါး) ဆောင်ရွက် ပေးနိုင် ခဲ့ရာ ၅၅ ရာခိုင်နှုန်း နီးပါးပြီးစီးပြီဖြစ်ပြီး မှတ်ပုံတင်ဆောင်ရွက်မှု အချိန်ကာလအားဖြင့် ၁၈ လတာ ကြာမြင့်မည် ဖြစ်ပါကြောင်း။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ ပြောကြား ရာတွင် “လက်ရှိရွေးကောက်ပွဲစနစ်ဟာ များသူအနိုင်ယူ (FPTP) ဖြစ်တဲ့ အတွက်ကြောင့် တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာမှာ သဟဇာတမဖြစ်ကြောင်း တွေ့ရှိရပါတယ်၊ ဒီအတွက်ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီများ ၄ ကြိမ်တွေ့ဆုံခဲ့ပြီးတော့မှ နိုင်ငံရေးပါတီအစုအဖွဲ့ ၆ ဖွဲ့ရဲ့ တင်ပြချက်စာတမ်းအရ အစုအဖွဲ့ အားလုံးက လွှတ်တော်သုံးရပ်မှာ အချိုးကျ ကိုယ်စားပြုမှုစနစ် (PR) ပြောင်းလဲကျင့်သုံးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြို့နယ် ၃၂၃ မြို့နယ်မှာ ကျင်းပပြီးစီးခဲ့ပါတယ်၊ အဆိုပါရွေးကောက်ပွဲများမှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့သော်လည်းပဲ ပြေလည်အောင်ဖြေရှင်း နိုင်ခဲ့ပါတယ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တွင် ကျင်းပခဲ့ပါတယ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများသည် General Election ဖြစ်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်အမတ်များ အတွက် ကိုယ်စားလှယ်များရွေးချယ်ရပါတယ်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ  မဲမသမာမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက ရင်ဆိုင် မဖြေရှင်းရဲတဲ့ အခြေအနေအထိ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်၊ ယင်းဖြစ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို ယုံကြည်အားကိုးမှု အားနည်းစေပြီးတော့မှ နိုင်ငံ၏ပုံရိပ်ကိုလည်း များစွာကျဆင်းစေခဲ့ပါတယ်၊ ထို့အတွက်ကြောင့် ရွေးကောက်ပွဲများကို ထိခိုက်အောင်လုပ်ခဲ့သူများကို တည်ဆဲဥပဒေများအရ အရေးယူမှုများ ဆောင်ရွက်လျက် ရှိပါတယ်၊ အစိုးရအနေနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြုလုပ်သွားမည်ဆိုတဲ့ ကတိကို အကောင်အထည်ဖော်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်၊ ရွေးကောက်ပွဲဆိုတာ တည်ငြိမ်အေးချမ်းလုံခြုံတဲ့ အခြေအနေ ရှိမှ ပြည်သူများ လွတ်လပ်စွာ မဲပေးနိုင်မှာဖြစ်ပါတယ်၊ သန့်ရှင်းတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မှာဖြစ်ပါတယ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြို့နယ်အားလုံး ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် ကြိုးပမ်းနေရာမှာ အစိုးရရဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက် ချက်များကို တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက် ကြဖို့လိုအပ်ကြောင်း တွေ့ရှိရ ပါတယ်။” ဟု ပြောကြားသည်။

ထည့်သွင်းရေးဆွဲထား

ယင်းနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ထည့်သွင်း ရေးဆွဲထားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်၌ စတင်တွေ့ရှိခဲ့ ပါကြောင်း၊ ကာကွယ်ကုသမှုအနေဖြင့် ကူးစက်မှု အမြင့်ဆုံးကာလ ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်များတွင် တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ လူဦးရေ ၅,၀၀၀ ကျော်ခန့်(၄၁ ရာခိုင်နှုန်း) အထိ ဖြစ်ပွားခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းကာလတွင် ဖြစ်ပွားမှု၊ သေဆုံးမှုများ လျင်မြန်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံ၊ ဆေးခန်းများအပြင် ကုသမှုစင်တာပေါင်း (၁,၆၇၄) ခုအထိ ဖွင့်လှစ်ကုသပေးနိုင်ခဲ့ပါကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်နိုင်ရေး အလျင်အမြန် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်မှ အောက်ဆီဂျင်စက်ရုံ (၂၂၅) ရုံ၊ ပုဂ္ဂလိကမှ (၂၄၂) ရုံ၊ စုစုပေါင်း (၄၄၆)ရုံ တည်ဆောက်ပေးပြီး ပြည်သူလူထု အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပါကြောင်း။

အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေး

မိမိအနေဖြင့် “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒချမှတ်ပြီး နည်းလမ်းပေါင်းစုံ နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနားညမနားဆောင်ရွက်ခဲ့ ကြပါကြောင်း၊ မိမိကိုယ်တိုင် ဦးဆောင် ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အစည်းအဝေးများကို (၁၃) ကြိမ်တိုင်တိုင်ကျင်းပ၍ လိုအပ်သော အုပ်ချုပ်ထောက်ပံ့ရေး ကိစ္စရပ်များကို တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များနှင့် Video Conferencing ပြုလုပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးဝယ်ယူနိုင်ရန်အတွက်လည်း ငွေကျပ် ဘီလီယံ ၃၀၀ လျာထားခဲ့ပြီး ဆေးရုံလုပ်ငန်း လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန် ချောမွေ့စေရေး အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးများကို ဒုတိယ ဝန်ကြီးချုပ် ဦးစီးဆောင်ရွက်ပြီး တစ်ပတ်လျှင် ၃ ကြိမ် ပြုလုပ်ကာ အနီးကပ်ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက် စေရေးအတွက် Stay at Home မြို့နယ် ပေါင်း ၁၁၉ မြို့နယ်အထိ သတ်မှတ်ပေးခဲ့ပါကြောင်း၊ လက်ရှိနောက်ဆုံးအခြေအနေမှာ မြို့နယ်အားလုံးကို ကန့်သတ်ချက် ဖယ်ရှားပေးခဲ့ပြီးဖြစ်သည့် အတွက် Stay at Home မြို့နယ်များ ကျန်ရှိခြင်းမရှိတော့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အနှောင့်အယှက်အချို့နှင့် အဖျက်သမားများ ဝိုင်းဝန်းဝေဖန်နှောင့်ယှက်မှုများကို ကျော်လွှားနိုင်ပြီး ၂၉-၁-၂၀၂၂ ရက်နေ့စာရင်းအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအနေဖြင့် ပျမ်းမျှ ၁ ရာခိုင် နှုန်းဝန်းကျင်သာရှိတော့ကြောင်း။

ယခင်အစိုးရလက်ထက် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ Dose အမေရိကန် ဒေါ်လာ သန်း ၁၅၀ နှင့် ဝယ်ယူခဲ့ပါကြောင်း၊ ၎င်းမှ ၂ သန်းသာ ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံတွင်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်မားလာသည့်အတွက် ဆေးများ ထပ်မံရောက်ရှိခြင်းမရှိပါကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေးတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကဖြစ်သည့်အတွက် အစိုးရအနေနှင့် ကာကွယ်ဆေး ရရှိရန်လုပ်ငန်းကို အစမှ ပြန်လည်ကြိုးပမ်းရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေ အသုံးပြုမှုအခြေအနေအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှု ကုန်ကျစရိတ် အနေဖြင့် ဒေါ်လာ၂၇၆.၆၄ သန်းတန်ဖိုး ဝယ်ယူခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံနှင့် နီပွန်ဖောင်ဒေးရှင်းတို့မှ ကိုဗစ်ကာကွယ်ဆေးဆေး Dose ၁၇.၁ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၁.၁၂ သန်း) လှူဒါန်းမှုကိုလက်ခံရရှိခဲ့ပါကြောင်း၊ ထို့အပြင် ကမ္ဘောဒီးယား၊ ထိုင်းစသည့်နိုင်ငံများမှလည်း ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ပါကြောင်း။

၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် ကျပ်ငွေ ၆၄ ဘီလီယံကျော် သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးတွင် ဆေးရုံများအဆင့်မြှင့်တင်ရေး အတွက် ကျပ်ငွေ ၆၀.၃  ဘီလီယံ ကျော်သုံးစွဲခဲ့သည့်အနက် ကိုဗစ်ဖြစ်သူများအတွက် အရေးပေါ် လိုအပ်သော အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူမှုအနေဖြင့် ၁၂.၂၃ ဘီလီယံကျပ် ပါဝင် သုံးစွဲခဲ့ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါလူနာများအတွက် ကျွေးမွေးမှုစုစုပေါင်း ကုန်ကျစရိတ် အနေဖြင့် ကိုဗစ်-၁၉ ဗဟိုကော်မတီရန်ပုံငွေမှ ကျပ် ၂၃.၁၂ ဘီလီယံနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျပ် ၄ ဘီလီယံ၊ စုစုပေါင်း ကျပ်ငွေ ၂၇.၁၂ ဘီလီယံ သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုကို ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်း အပြီး မျှော်မှန်းထားသော်လည်း ၅၁ ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးခဲ့ပါကြောင်း၊ လက်ရှိ ကာလအထိ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါကြောင်း။

လက်ရှိအစိုးရသက်တမ်းကာလ တစ်နှစ်အတွင်း Quarantine ဆေးရုံ၊ ဆေးခန်း တက်ရောက်သူ များအတွက် ကျွေးမွေးမှုကုန်ကျစရိတ် အနေဖြင့်ကျပ် ၄ ဘီလီယံနီးပါး၊ ကိုဗစ်ဖြစ်ပွားသူများ အတွက်အောက်ဆီဂျင် Plant ဝယ်ယူခဲ့ရာ ကျပ် ၁၀.၂၃ ဘီလီယံ ကုန်ကျခဲ့ပါကြောင်း၊ နိုင်ငံအတွင်း ဆေးရုံ ၁,၀၇၇ ရုံ၊ ဆေးပေးခန်း ၁၁,၄၂၇ ခုရှိပြီး ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇,၄၃၀ ခု လုပ်ငန်းဆောင်ရွက်နိုင်မှုရှိခဲ့သည်။ တစ်နိုင်ငံလုံး ခန့်အပ်ဆရာဝန် ၁၄,၆၇၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၀၅,၈၃၄ ဦးရှိပြီး ၎င်းအထဲမှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း အချို့ ပျက်ကွက်ခဲ့ပြီး ၎င်းတို့သည် နိုင်ငံရေးဝါဒမှိုင်းများကြောင့် မိမိတို့လုပ်ငန်းခွင်ကို စွန့်ခွာသွားသည့် သူများဖြစ်ကြောင်း၊ အဆိုပါလိုအပ်သွားသည့် နေရာများတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကုသပေးခြင်းနှင့် တပ်မတော်ဆေးရုံများတွင် အများပြည်သူများကို ကုသပေးခြင်းများကို ခွင့်ပြု ပေးခဲ့ကြောင်း၊ အလားတူ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများနှင့် အငြိမ်းစား တပ်မတော် ဆေးဆရာဝန်များကလည်း ဆေးကုသမှုများ ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည့်အတွက်ကြောင့် ကိုဗစ် -၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် များစွာအကူအညီရခဲ့ပါကြောင်း။

အင်အားဖြည့်တင်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာလအတွင်း တာဝန်သိကျန်းမာရေး ဝန်ထမ်းများသည် ၎င်းတို့၏ လူနာရှင်များကို မပစ်ခွာဘဲ တာဝန်သိသိသစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ကျပ် ၁၀.၉၄ဘီလီယံ ကို အစိုးရမှဆုချီးမြှင့် ခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်ရန်လိုအပ်သည့် ပြည်သူများအတွက် တပ်မတော် ဆေးတပ်ဖွဲ့များမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြင်ပလူနာ ၃၂၉,၇၅၉ ဦး၊ အတွင်းလူနာ ၉၈,၃၂၈ ဦး၊ မွေးလူနာ ၁၉,၅၂၆ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ၊ အရိုး/အကြောဆိုင်ရာရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါ၊ နှလုံးနှင့် ဆိုင်သောရောဂါများ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အငြိမ်းစားဆေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်း များမှလည်း ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများမှာ အင်အားဖြည့်တင်း ဆောင်ရွက်ပေးနိုင်မှုများကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးအချက်မှာ  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဖြစ်ပါကြောင်း၊ ကာကွယ်ဆေးကို လူဦးရေများများအား မြန်နိုင်သမျှအမြန်ဆုံး ထိုးနှံပေးခြင်းသည် အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၆၀,၅၉၆,၄၀၀ Dose (၆၀ ဒသမ ၅ သန်းကျော်)ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ ထိုးနှံပြီးစီးခဲ့သည့် Dose ၄၀,၈၅၆,၀၀၀ ရှိပြီး၊ ၂ ကြိမ်အပြည့် ထိုးနှံပြီးသူ ၁၈,၇၉၂,၀၉၉ ဦး၊ တစ်ကြိမ် ထိုးနှံပြီးသူ ၃,၂၇၁,၈၀၂ ဦး၊ Booster Dose ထိုးနှံပြီးစီးသူ ၂၁၆၆၈ Dose ထိုးနှံပြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံး မျှော်မှန်းချက်ထက် ၅၃ ရာခိုင်နှုန်းကျော် အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ပါကြောင်း၊ နေ့စဉ်ထိုးနှံနိုင်မှုသည် ၃ သိန်းကျော် ရှိပါကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါသည် အချိန် ကာလ အတိုင်းအတာတစ်ခုအထိ ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်သောကြောင့် ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ် နိုင်ရေးမူဝါဒအားချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကနဦး ခြေလှမ်းအနေဖြင့် တရုတ်နိုင်ငံထုတ် (Sinopharm) ကာကွယ်ဆေးကို ပုလင်းအတွင်း ဖြည့်သွင်းရန်အသင့် (Ready to Fill Bulk)စနစ်ဖြင့် ဝယ်ယူ ထုတ်လုပ်နိုင်ရေးအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ အတွင်း ထုတ်လုပ်မှု လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း Doses ၁၀ သန်းခန့် ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်မှုအရ ကာကွယ်ဆေးဈေးနှုန်းမှာလည်း မူလကုန်ချောဈေးနှုန်း၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း။

လက်ရှိအခြေအနေအရ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲစိတ် အိုမီခရွန်အား တွေ့ရှိလျက်ရှိပြီး နိုင်ငံတွင်လည်း ပြည်ပမှပြန်လည်ဝင်ရောက် လာသူများအား စစ်ဆေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ပြည်ပမှ ပြန်လည်ဝင်ရောက် သူများတွင် အိုမီခရွန် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ၂၈-၁-၂၀၂၂ ရက်နေ့အထိ ၂၈၃ ဦးတွေ့ရှိခဲ့ရ ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်ရောဂါနှင့် ပတ်သက်၍ မပေါ့ဆကြရန်နှင့် လိုက်နာရန်သတ်မှတ် ထားသည့် တစ်ကိုယ်ရည်အကာ အကွယ် စည်းမျဉ်းများကို လိုက်နာသွားရန် လိုအပ်ပါ ကြောင်း။

ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစား

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်အား အကောင် အထည်ဖော်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း နိုင်ငံများနည်းတူ မြန်မာနိုင်ငံ ကိုလည်း ရိုက်ခတ်မှုများရှိခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစား သွားနိုင်ရန် ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးအတွက် ကုမ္ပဏီ/လုပ်ငန်း ၆,၃၃၄ ခု အား ချေးငွေပမာဏ ကျပ် ၁၆၆.၆၄၆၃ ဘီလီယံ ထုတ်ချေးထားပါကြောင်း၊ လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားမှုကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီများပေးအပ် နိုင်ရေးအတွက် ကုမ္ပဏီ/ လုပ်ငန်း ၁၁၆ ခုသို့ ချေးငွေများ ခွင့်ပြုခြင်းဆောင်ရွက်ခဲ့ပါကြောင်း။

စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုအနေဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေးနိုင်ငံ ဖြစ်သည့်အတွက် စိုက်ပျိုး/ မွေးမြူရေး လုပ်ငန်းများ ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှုများမှ တစ်ဆင့် စိုက်ပျိုး/ မွေးမြူရေး ထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စနစ်တကျခေတ်မီစေရေးအတွက် အရေးပါသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် စိုက်ပျိုး မွေးမြူရေးကျောင်းများကို သိပ္ပံကောလိပ်အဆင့် တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုပြုလုပ်သည့် မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲတွင် နိုင်ငံအရပ်ရပ်က ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ဒေသပြည်တွင်းမျိုး၊ ကပြားမျိုး၊ နိုင်ငံခြားမျိုးများအထဲတွင် ဒေသ ပြည်တွင်း မျိုးကောင်းများကို တွေ့ရပါကြောင်း၊ စနစ်တကျ ကျွေးမွေး၍ မွေးမြူမည်ဆိုလျင် တိုင်းပြည်အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်သည့်အတွက် ခေတ်မီမွေးမြူရေး ပညာရှင်များမွေးထုတ်ဆောင်ရွက်ရန် ကြိုးစားရမည် ဖြစ်ပါကြောင်း။

စဉ်ဆက်မပြတ် အကောင်အထည်ဖော်

ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟု မူဝါဒချထားပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား စဉ်ဆက် မပြတ် အကောင်အထည်ဖော်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ(၃)ရပ် ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သောလုပ်ငန်းကော်မတီ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ညှိနှိုင်းရေးကော်မတီတို့ ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀) ပြုလုပ် ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါကြောင်း၊ ဆက်လက်၍ ယခုနှစ်ကုန်ပိုင်း အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ‌ကြောင်း၊ မိမိ၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် “ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ် ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း။

အချိုးကျကိုယ်စားပြုခြင်း (PR) စနစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး” ဆိုသည့်အချက် နှင့်ပတ်သက်၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် လိုအပ်လျက်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများရရှိရန် အချိုးကျ ကိုယ်စား ပြုခြင်းစနစ် (Proportional Representation - PR)ကို အသုံးပြုနိုင်ရေး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများနှင့် စုပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဖြင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ အချိုးကျ ကိုယ်စားပြု ခြင်း (PR) စနစ် ကျင့်သုံး မည့်အလားအလာနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ၄ ကြိမ်ကျင်းပဆောင်ရွက် ခဲ့ပါကြောင်။

ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော်မှု နှင့်စပ်လျဉ်း၍ နိုင်ငံရေးဦးတည်ချက်များနှင့် ပတ်သက်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေးကို ပထမဆုံးအချက်အဖြစ် ဦးတည်ချက်အား ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစား ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသည့်လူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများ ရှိပြီး ပါတီများသည် ဝါဒရေးရာအရဖြစ်လာသော ပါတီများဖြစ်ပါကြောင်း၊ ဝါဒရေးရာပါတီများဖြစ်၍ ဒီမိုကရေစီလမ်းကြောင်းချင်း အနည်းငယ် ကွဲပြားနိုင်ပါကြောင်း၊ လူမျိုးရေးနှင့် ပတ်သက်သည့် ပါတီများသည် လူမျိုးစုအလိုက် ကိုယ်စားပြုသည့်ပါတီများဖြစ်ပြီး ဒေသအလိုက် ကိုယ်စားပြုသည့်ပါတီများ အနည်းငယ်ရှိပါကြောင်း၊ ထိုပါတီများတွင် ကိုယ်စားပြုမှုပေါ် မူတည်ပြီး ၎င်းတို့၏ ထောက်ခံသူများရှိပါကြောင်း။

အများဆန္ဒအတိုင်းဆောင်ရွက်

ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို သွားရမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် ရာတွင် ဒီမိုကရေစီနှင့် ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍လည်းကောင်း မည်သို့ပင်အယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့ နိုင်ငံနှင့် သဟဇာတ ဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ဒီမိုကရေစီနှင့်ပတ်သက်၍ အများဆန္ဒအတိုင်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လူနည်းစု၏ ဆန္ဒကိုလည်း အလေးထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ ဆောင်ရွက်မည့် ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ လူမျိုးများ၊ လူမျိုးစုများ၊ စုစည်းထားရာမှ အချုပ်အခြာ အာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းနှင့် ထိုသို့ဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ် များအကြား အာဏာခွဲဝေ ဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိစေမည် ဖြစ်ပါကြောင်း။

ဒုတိယအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်းအလေးထား လုပ်ဆောင်ရေး” ဆောင်ရွက်မှုအား ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်၌ ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအချက်ဖြစ်သည့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက် လိုက်နာကျင့်သုံးရေး”နှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးရှေးရှု သည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ(၃)ရပ်ကို ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ပထမတစ်နှစ်တာ ကာလအတွင်းတွင် နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ရန် အမြဲရှေးရှုလျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်ပနိုင်ငံများ ပထမဦးဆုံးခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပ သည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါကြောင်း။

ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်

ဒုတိယခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှ ၂၇ ရက်အထိ ရုရှားနိုင်ငံတွင်ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ သည် မိတ်ဆွေနိုင်ငံသာရှိပြီး ရန်သူနိုင်ငံဟူ၍မရှိပါကြောင်း၊ မိမိတို့အပေါ် ရန်သူသဖွယ် ဆက်ဆံနေလျှင်လည်း ၎င်းနိုင်ငံများ၏သဘောထားကို ပြောင်းလဲလာစေရန်၊ မိတ်ဆွေဖြစ်လာစေရန် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် နိုင်ငံ၏နယ်စပ်ဒေသများကို ထာဝရတည်ငြိမ်အေးချမ်းသည့် နယ်စပ်ဒေသ ဖြစ်ရန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများနှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး ချစ်ခင်သည့် အိမ်နီးနားချင်းဆက်ဆံရေးကို ထူထောင် သွားမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်း ဆက်ဆံရေးမှာလည်း မတူသည့်မူဝါဒ၊ ယဉ်ကျေးမှုများရှိသည့်နိုင်ငံများနှင့် ဆက်ဆံခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းပေါ် မူတည်၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ထိတွေ့ဆက်ဆံနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် ခေတ်အဆက်ဆက် တည်ရှိခဲ့ သည့် အိမ်နီးချင်း ဆက်ဆံရေးနှင့် ထာဝရငြိမ်းချမ်းသည့် အိမ်နီးချင်းဆက်ဆံရေးတွင် ချစ်ကြည် ရင်းနှီးမှုများရှိပြီးဖြစ်သည့်အတွက် ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် ဆွေးနွေးခဲ့ရာတွင် အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ ဦးတည်ဆွေးနွေးခဲ့ပြီး ပထမဆုံး အချက်ဖြစ်သည့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် အကြမ်းဖက်မှု ရပ်ဆိုင်းပြီးတွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် အကြမ်းဖက်များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အမြဲမပြတ်ဆောင်ရွက်နေမှုများနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးဖိတ်ခေါ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် အာဆီယံ လူသားချင်းစာနာ ထောက်ထားမှုနှင့်သက်ဆိုင်သည့် အထောက်အပံ့ပစ္စည်းများ ကူညီထောက်ပံ့ နိုင်ရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး အစိုးရအနေဖြင့် လက်ခံပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင်  ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ အလုပ်သဘောရောက်ရှိခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်တွင် ကောင်းမွန်ထူးခြားသည့်ရလဒ်များ ရရှိခဲ့ပြီး ခရီးစဉ်နှင့် ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့ပါကြောင်း။

အကောင်းဆုံး ပူးပေါင်းဆောင်ရွက်

ထို့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ဇန်နဝါရီလ ၂၆ ရက်နေ့ Video Conferencing နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှု၊ အာဆီယံ နိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေနှင့် အကောင်းဆုံး ဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့် အခြေအနေများနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်လာရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ ကို မထိခိုက်စေဘဲ နိုင်ငံတကာနှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

စီးပွားရေးဦးတည်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ၏အခြေခံနှင့် ပြည်သူအများ စုလုပ်ကိုင်နေရသည့် စီးပွားရေးဖြစ်သော စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများအား ဦးစားပေး လုပ်ဆောင်စေလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများ ကို လုပ်ကိုင်နေကြသည့် ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင် နှုန်းခန့်ရှိပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများအနေဖြင့် မိမိတို့နိုင်ငံ၏ ဒေသအများစုတွင် မွေးမြူ၍ရသော ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စသည့် မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင်ပြည်ပမှ နို့ထွက်ပစ္စည်းတင်သွင်းနေမှုကို လျှော့ချနိုင်ရန်အတွက် နိုင်ငံအတွင်း ရာသီဥတုနှင့် မြေအခြေအနေကောင်း သည့် နေရာများတွင် နို့စားနွားများမွေးမြူ၍ နို့ထွက် ပစ္စည်းများ ပြည်တွင်းဖူလုံရုံမျှမက ပိုလျှံစေရန် မွေးမြူဆောင်ရွက်လျက်ရှိသည်သာမက အသားစားနွား၊ အသားတိုးဝက်၊ အသားတိုးကြက်များ မွေးမြူ၍ပြည်တွင်းတွင် အသားစိုရိက္ခာဖူလုံရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်းခန့် ရှိရာမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေ ပြည်သူများဖြစ်ပြီးတော့ ၃၀ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အောက်ကိုရောက်ရှိနေတဲ့သူများဖြစ်ပါတယ်၊ အများဆုံးခံစားရတဲ့ ဒေသများ ဟာ ကျေးလက်ဒေသများဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်ဒေသ များရဲ့ ပြည်သူများရဲ့ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းများကို အသုံးပြုပြီး မြို့ပြနဲ့ကျေးလက်ဒေသများအကြား ကွာဟချက်ကျဉ်းမြောင်းစေဖို့နဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်ဖို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းမှာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်ဒေသသောက်သုံးရေ ဖူလုံရေးအတွက် ရေကန်များ၊ မြေအောက်ရေ များတူးဖော်ခြင်း၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်၊ ကျေးလက်ကျေးရွာများ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်တဲ့ လမ်းများ အဆင့်တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကျေးလက်အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးရေး လူထုအခြေပြု စီမံကိန်းများ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ၊ ကျေးလက်အိမ်ယာ တည်ဆောက်ခြင်း စတဲ့လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။” ဟု ပြောကြားသည်။

ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်

ထို့နောက် ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးအတွက်ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးနှင့်ကျေးလက်အသက် မွေးဝမ်း ကျောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်၊ကျေးလက် နေပြည်သူများမှ လူမှုစီးပွားဆိုင်ရာအခြေခံ အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲ နိုင်စေရန်အတွက် ၂၀၂၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်မှုပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးစနစ်၌ ပြည်သူလူထုအား ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် လက်ရှိမိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၇၅ ခရိုင်ရှိရာမှ သင့်တော်သည့် နေရာများတွင် ခရိုင်များထပ်မံ တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။

ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက ၎င်းတာဝန် ယူစဉ်ကာလ၌ ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးကိစ္စရပ်(၁၇)ရပ်အား အဆိုပြုထားပါကြောင်း၊ Living Document အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးကဏ္ဍနှင့်ပတ်သက်၍ ဦးစားပေး လုပ်ငန်းများကို ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်အဆိုပြုသွားရန်ရှိပါကြောင်း၊ ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင် အထည်ဖော်မှုအောက်မှ ၂၀၂၂ အတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၁၃၈ ခုအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ သမ္မတ၏မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကို မြှင့်တင်ရန် ရည်ရွယ်ပြီး သဘောတူစာချုပ်၊ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာ စုစုပေါင်း စာချုပ်စာတမ်း ၃၃ ခုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၎င်းစာချုပ်စာတမ်း ၃၃ ခုနှင့် စပ်လျဉ်းသည့် စီမံကိန်းများအဆင်ပြေချောမွေ့စွာ ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး

မြန်မာ-ဂျပန် ပူပေါင်း ဆောင်ရွက်မှုအနေဖြင့် စီမံကိန်းများ ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်း ထားခဲ့ရသော်လည်း မကြာမီလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် ဂျပန်နိုင်ငံသားများ မြန်မာ ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး အဆင်ပြေချောမွေ့ရေး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် အကူအညီနှင့်ချေးငွေများလည်း အဓိကထားပေးအပ်လျက် ရှိပါကြောင်း၊ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်၍ ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲကို virtual စနစ်ဖြင့် ကျင်းပပြုလုပ် ဆွေးနွေးခဲ့သည့်အပြင် မြန်မာ-ရုရှားစီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲများကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေးအနေဖြင့် ပြည်တွင်းအားပေးမှု အနေဖြင့်  ပြည်တွင်းထုတ်ကုန် အားပေးရန်နှင့် ပြည်တွင်းထုတ်လုပ်နိုင်သော ကုန်ပစ္စည်းများကို လျှော့ချ တင်သွင်းနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။

နိုင်ငံတော်အစိုးရသည် ပြည်တွင်းကုန် ထုတ်လုပ်မှုနှင့် ပြည်တွင်းဖြစ်စီးပွားရေးကို အားပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့်မရှိမဖြစ်သည့် စားကုန်၊ သောက်ကုန်၊ လူသုံးကုန်များ၊ ဘိလပ်မြေနှင့် သံနှင့်သံမဏိ လုပ်ငန်းများကို အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ (၁၂)ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၃,၅၅၂.၃၉၆(၃.၅၅ ဘီလီယံ)၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအလိုက်ခွင့်ပြုပြီး လုပ်ငန်းများအနေဖြင့် ကဏ္ဍ‌ပေါင်း (၁၂)ခုမှ လုပ်ငန်း ပေါင်း ၃၇ အတွက် ကျပ်သန်းပေါင်း ၃၃၂,၉၆၆.၃၈၀(၃၃၂.၉၆ ဘီလီယံ) ဖြစ်ပါကြောင်း။

လူမှုရေးဦးတည်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည်နိုင်ငံ၏ ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့်အစိုးရ အနေဖြင့်(၁)ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် (၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို တိုင်းရင်းသားအားလုံးအတွက် တခမ်းတနားကျင်းပ ဆောင်ရွက် သွားပါမည် ဖြစ်ပါကြောင်း။

တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့်ပတ်သက်၍ ရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနဖွဲ့စည်း၍ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို အလေးထား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးကို ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် မတူကွဲပြားသောယဉ်ကျေးမှုများ ပေါင်းစည်းထားသည့် နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှု အဆင့်အတန်းမြင့်မား သောနိုင်ငံကြီး ၂ ခု ကြားတွင် တည်ရှိနေခြင်းကြောင့်လည်း ဘိုးဘွားအမွေအနှစ် အနုပညာရပ်များကို သမားစဉ်မပျက် ထိန်းသိမ်းရန်နိုင်ငံတော် အစိုးရနှင့် နိုင်ငံသားတိုင်းတွင် တာဝန်ကိုယ်စီရှိပါကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည် ကျင်းပရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မိရိုးဖလာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်း။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး နှင့်ပတ်သက်ပြီး နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ် (Humen Resources)က အဓိကဖြစ်သည်ကို လက်ခံထား ကြပါကြောင်း၊ လူသားအရင်းအမြစ်ဆိုသည်မှာ“ပညာ”အပေါ်အဓိကမူတည် တည်ဆောက် ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိက အလေးထား လုပ်ဆောင်ကြ ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီး သူများထဲမှ အလယ်တန်းအဆင့်နှင့် ၎င်းအဆင့်အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈ ဒဿမ ၂ သန်းနီးပါးခန့်ရှိသည်ကို တွေ့ရှိရသည့် အတွက်နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်သည် ပညာရေး အားနည်းသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်ပညာရေး မြှင့်တင်ရေးလုပ်ငန်း များကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်းအဆင့် ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်း၊ စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိပါကြောင်း၊ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်သည့် အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့သို့ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့် ၅,၂၀၉ ကျောင်း၊ အလယ်တန်း အဆင့် ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့် ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ CDM ပြုလုပ်ခြင်း၊ အကြမ်းဖက် တိုက်ခိုက် နှောင့်ယှက်ခြင်းများကြောင့် ကျောင်းအချို့ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၄၂၅,၇၉၇ ဦး၊ အလယ်တန်း အဆင့် ၁,၅၀၉,၅၈၂ ဦး၊ မူလတန်းအဆင့် ၃,၂၈၀,၅၉၂ ဦး၊ စုစုပေါင်း ၅,၂၁၅,၉၇၁ ဦး စားရင်းသွင်းထားရှိပါကြောင်း၊ လက်ရှိ အတန်းတက် ရောက်မှုအနေဖြင့် အထက်တန်း အဆင့် ၃၆၃,၃၇၂ ဦး၊ အလယ်တန်းအဆင့် ၁,၂၄၃,၁၆၀ ဦး၊ မူလတန်းအဆင့် ၂,၆၁၉,၃၅၅ ဦး၊ စုစုပေါင်း ၄,၂၂၅,၈၈၇ ဦး ကျောင်းတက်ရောက်လျက်ရှိပါကြောင်း၊ ကျောင်းတက် ရောက်မှုအနေဖြင့် ၈၁ ရာခိုင်နှုန်းရှိသည့်အတွက် ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသားများ ပညာသင်ကြားခွင့် မနစ်နာစေရေးအတွက် ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခြင်း၊ လိုအပ်သော ဆရာ၊ ဆရာမများ ခန့်ထားခြင်းများ ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ ကာယကံရှင်များမှမိမိတို့ သား၊ သမီးများ ဘဝတိုးတက်စေရေးအတွက် ကိုယ်တိုင်ဆန္ဒဖြင့် ကျောင်းတက်နိုင်ရေး ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ကျောင်းမတက်ရေး လှုံ့ဆော်ချက်များသည် တိုင်းရင်းသားပြည်သူလူထု၏ သားသမီးများကို ပညာမဲ့များ ဖြစ်စေပြီး တိုင်းပြည်နှင့်လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် သတိရှိကြရန်လိုအပ်ပါကြောင်း။

တတ်နိုင်သမျှ ချီးမြှောက်သွားမည်

အခြေခံပညာ ဆရာ၊ ဆရာမများအနေနှင့်လည်း အထက်တန်းပြ ၃၂,၈၄၇ ဦး၊ အလယ်တန်းပြ ၁၀၅,၀၂၈ ဦး၊ မူလတန်းပြ ၁၆၀,၀၂၉ ဦး၊ စုစုပေါင်း အခြေခံပညာဆရာ၊ ဆရာမပေါင်း ၂၉၇,၉၀၄ ဦးရှိပါကြောင်း၊ လက်ရှိ စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့် အထက်တန်းပြ ၃၁,၈၃၇ ဦး၊ အလယ်တန်းပြ ၁၀၂,၉၀၁ ဦး၊ မူလတန်းပြ ၁၅၅,၄၇၀ ဦး၊ စုစုပေါင်း ၂၉၀,၂၀၈ ဦးစာသင်ကြား ပေးလျက် ရှိပါကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများအား နိုင်ငံတော်ကတတ်နိုင်သမျှ ချီးမြှောက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးမြှင့်တင်ရေး လုပ်ငန်းများကို အလေးထား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း (KG+9)(အခြေခံပညာ အလယ်တန်းအဆင့်) အဆင့်ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိပြီး KG+9 သည် လက်ရှိအစိုးရ၏ ပညာရေးရည်မှန်းချက်သာ ဖြစ်ပါကြောင်း၊ KG+9 အဆင့် အနည်းဆုံးပြီးမြောက်မှ Vocational Training ကို ကူးပြောင်း နိုင်မည်ဖြစ်ပါကြောင်း၊ KG+9 ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရန် အတွက် အခြေခံရသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းများသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အထက်တန်းပညာ၊ အဆင့်မြင့်ပညာများဆီ သွားနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအချက်သည် တိုင်းပြည်ပညာရေးကို မြှင့်တင်ခြင်းဖြစ်ပြီး ထိုသို့မြှင့်တင်နိုင်မှလည်း တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီနိုင်ငံ တစ်ခု တည်ဆောက်နိုင်ရန် အထောက်အကူရမည်ဖြစ်ပြီး အထူးအလေးထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ပညာသင်ယူမှုအခွင့်အလမ်း များ မဆုံးရှုံးစေရေး အလေးထားဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။

ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်း

တစ်မျိုးသားလုံးလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍လည်း မူးယစ်ဆေးဝါး တရားမဝင်ရောင်းချသူ များသည် လူငယ်များကို ပစ်မှတ်ထား လာကြကာအချို့ ဒေသများတွင် စာသင်ကျောင်းများ ပတ်ဝန်းကျင်သို့ပင် ရောက်ရှိလာကြ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအမှု ပေါင်း ၆,၄၄၄ မှု (တန်ဖိုးငွေကျပ်သိန်း ၉,၇၂၇,၈၉၁.၉၈၃ ခန့်) နှင့် ဖမ်းဆီးရမိသူ ကျား/မစုစုပေါင်း ၉,၂၄၉ ဦးထိရှိခဲ့ပါကြောင်း၊ ကြီးမားသော အန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်း၍ ကာကွယ်လျက်ရှိပါကြောင်း။

အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်

နိုင်ငံတော်၏လက်ရှိအခြေအနေအရ နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်း ဆောင်မည့် အခြေအနေများ နှင့်ပတ်သက်၍ ရှေ့ပိုင်းတွင် နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ဆောင်ချက်များကို အကျဉ်းချုပ် တင်ပြပြီး ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးအရ အရေးပေါ် အခြေအနေ ကြေညာ၍ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော် တာဝန်ရယူထားချိန်တွင် တာဝန်များအား စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သော်လည်း ပြည်တွင်း/ပြည်ပ နှောင့်ယှက် ဟန့်တားမှု များရှိခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများအား ခြုံငုံသုံးသပ်ကြည့်လျှင် ပြည်တွင်း/ ပြည်ပအကြမ်းဖက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါ ကြောင်း၊ လက်ရှိအခြေအနေမှာလည်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအချို့တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ ရှိနေသကဲ့သို့ နိုင်ငံအတွင်းမြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများခန့်ထားရန် ရှိနေပါကြောင်း၊ ထို့ကြောင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ရန် အတွက် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိနေပါသေးကြောင်း၊ အစီရင်ခံ တင်ပြခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လတိုးမြှင့်သွားရန် လိုအပ်သည်ဟု တင်ပြလို ပါကြောင်း၊ အဆိုပါကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အထူးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ဆောင်ရွက်မှသာ ပြည်သူ့လိုလားချက်ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိ လာမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အစွမ်းကုန်ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ “စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး” ကို အာမခံပါကြောင်း၊ ကတိကဝတ်များ အတိုင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူတစ်ရပ် လုံးက နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ ကောင်းသောအနာဂတ် ဖြစ်လာစေရေး ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းနှိုးဆော် အပ်ပါကြောင်းဖြင့် ပြောကြားသည်။

သဘောတူထောက်ခံ

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တင်ပြသည့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအားသက်တမ်းတိုးမြှင့်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ၆ လ ထပ်မံ သက်တမ်း တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ယာယီသမ္မတ ဦးမြင့်ဆွေကစတင်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များက အလှည့်ကျဆွေးနွေးကြပြီး သဘောတူထောက်ခံပါကြောင်း အတည်ပြုတင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် “ကျွန်တော်တို့ ပြီးခဲ့တဲ့ ကာလအတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားတဲ့ အခါမှာ  တတ်နိုင်သလောက် သွေးထွက် သံယိုမှုအနည်းဆုံး၊ အာဃာတတရားအနည်းဆုံးဖြစ်အောင် ရည်ရွယ်ပြီးတော့မှ ထိန်းသိမ်း ဆောင်ရွက်ခဲ့တာရှိပါတယ်၊ အထူးသဖြင့် ပြည်သူများကို ကာကွယ်တဲ့နေရာမှာ ပြည်သူများ အားလုံးကို ကျွန်တော်တို့ ကာကွယ်မှုမပေး နိုင်တာတော့ ရိုးသားစွာဝန်ခံပါတယ်၊ ဒါကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေကိုလည်း လိုအပ်တဲ့နေရာမှာ တစ်နိုင်ငံလုံး ဖြန့်ကျက်ပြီး ဆောင်ရွက်ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ဒီမှာ ပြည်သူအားလုံးကိုလည်း အလုံးစုံကာကွယ်မှုတော့ မပေးနိုင်ခဲ့ပါဘူး၊ တချို့ပြည်နယ်နှင့် တိုင်းများဖြစ်တဲ့၊ အခုအခြေအနေ မှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအချို့မြို့နယ်တွေမှာ အကြမ်းဖက်မှု ဖြစ်စဉ်များ ရှိနေဆဲဖြစ်ပါတယ်၊ ဒါကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပါတယ်၊ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ပါတယ်၊ ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့  မြို့နယ် ၁၀၉ မြို့နယ်မှာ ဖြစ်စဉ်ပေါင်း ၂၇၂ ကြိမ်ရှိပြီးတော့မှ လုပ်ကြံသတ်ဖြတ်ခံရသူပေါင်း ၂၈၂ ယောက်ရှိခဲ့ပါတယ်၊ တစ်ခါ ဒီထက်ဆိုး တာကတော့ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်းဖြစ်ပါတယ်၊ ကျောင်းဆရာ၊ ဆရာမ ၃၀ ဦးကို သတ်ခဲ့တာရှိပါတယ်၊ ကျောင်းတွေမီးရှို့ဖျက်ဆီးခဲ့တာ ၅၀၄ ကြိမ်ရှိပါတယ်၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခဲ့တာရှိပါတယ်၊ တိုက်ခိုက်ခဲ့တာ ရှိပါတယ်၊ ဒါကြောင့်အများပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ ပညာသင်ကြားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် အချိန်တစ်ခုပေးပြီးတော့ ဆောင်ရွက်ဖို့လိုအပ် ပါတယ်၊ ဒါလည်း ကောင်စီဝင်များအနေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့မှထားဖို့ တင်ပြ လိုပါတယ်၊ ထောက်ခံတင်ပြပေးတဲ့အတွက်လည်း ကျွန်တော်ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လုပ်ဆောင်ရတဲ့ လုပ်ငန်းပမာဏကလည်း တော်တော်လေး ကြီးမားပါတယ်၊ အခုဆိုရင်လည်း ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီဆိုသော်လည်းပဲ အိုမီခရွမ်တွေ့ရှိမှု ကလည်းရှိနေပါတယ်၊ တွေ့ရှိမှုရှိတဲ့အတွက်ကြောင့် ဒါကိုလည်းသတိကြီးစွာထားပြီး ဆောင်ရွက် ရမှာ ဖြစ်ပါတယ်၊ ဒါကိုထိန်းချုပ်နိုင်ဖို့အတွက် တစ်ဖက်က နေထိုင်မှုစည်းကမ်းတွေကို ထိန်းချုပ် သလိုပဲ တစ်ဖက်ကကာကွယ်ခြင်း ကုသခြင်းအပိုင်းတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ တော်တော့်ကိုကြိုးစားရမှာဖြစ်ပါတယ်၊ ဒါတွေကစဉ်ဆက်မပြတ်သုံးရမှာ ဖြစ်တဲ့အတွက်ကြောင့် ငွေကုန်ကြေးကျများမှာ ဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းပြည်စီးပွား ရေးမြှင့်တင်ဖို့အတွက် လည်းလိုပါတယ်၊ ဒါ့ကြောင့်ကျွန်တော်က တိုင်းပြည်ရဲ့အဓိက ထုတ်ကုန်ဖြစ် တဲ့စိုက်ပျိုးရေးနဲ့ မွေးမြူရေးကုန်ထုတ်လုပ်မှုနဲ့ စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်း တွေအားလုံးကို ပြည်တွင်း မှာပဲ ဖူလုံအောင်ထုတ်ရမယ်၊ ပြည်ပကနေ လုံးဝမသွင်းရဘူးဆိုပြီး မူဝါဒချမှတ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်၊ ဖေဖေါ်ဝါရီလကနေ ကျွန်တော်တို့ ဒီဖက်ပိုင်းကိုတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ သက်ဆိုင်ပါတယ်၊ ကျွန်တော်တို့ တော်တော်လေး ထိန်းထိန်းသိမ်း ဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် ဒေါ်လာသန်းပေါင်း ၆၄၀ လောက် ပိုငွေပြ ခဲ့ပါတယ်၊ လက်ရှိအခြေအနေမှာ ဇန်နဝါရီလအထိ ၉၉ သန်းပိုပါတယ်၊ ကုန်သွယ်မှုပိုငွေ ရှိပါတယ်၊ ဒီဖေဖေါ်ဝါရီလမှာလည်း သေချာပေါက်ပိုငွေရှိပါတယ်၊ အဓိကတော့ တောင်သူတွေကနေ၊ ကျေးလက်နေ ပြည်သူများ၏ ကုန်ထုတ်လုပ်မှုတွေကို မြှင့်တင်ပေး မယ်ဆိုရင် ကျွန်တော်တို့အိမ်နီး နားချင်းတိုင်းပြည်တွေမှာတင် ကျွန်တော်တို့ ဈေးကွက်ရှိပါတယ်၊ တရုတ်ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ အိန္ဒိယရယ်၊ ဒီသုံးနိုင်ငံက ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်တွေ အကုန်ယူပါတယ်၊ သူတို့က၊ ကျွန်တော်တို့ဈေး ကွက်ကြီးရှိနေတယ်၊ တောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် တစ်ဖက်က သူတို့ရဲ့အခြေခံ စီးပွာရေးကောင်းလာရင်၊ ဝင်ငွေကောင်းလာရင် လူမှုစီးပွားတက်လာလို့ရှိရင် သူတို့ရဲ့လူမှု စီးပွားဘဝတက်လာလိမ့်မယ်၊ မြင့်လာလိမ့်မယ်၊ ပညာသင်ကြားနိုင်လာလိမ့်မယ်၊ ပိုက်ဆံ မရှိလို့မသင်ရတဲ့ ဆင်ခြေမျိုးတွေလျော့သွားမှာဖြစ်ပါတယ်၊ တစ်ဖက် တိုင်းပြည် ဝင်ငွေလည်း ရမယ်၊ တိုင်းပြည်အတွက် အခွန်အခလည်းရမယ်၊ ဒါကြောင့် ကျွန်တော်က ပြည်တွင်းစီးပွာရေး ကိုတော့ အလေးထားတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကလည်း ဝေဖန်မှုတွေရှိပါတယ်၊ ကျွန်တော်တို့ပြည်တွင်းကို အလွန်အကျွံအားပေးတယ်ဆိုပြီးတော့ ဒါတွေလည်း ဝေဖန်မှုတွေ ရှိတယ်၊ ကျွန်တော်ထင်ပါတယ်၊ ဒါကတော့ အဖျက်လုပ်ငန်း လုပ်တယ်လို့ထင်ပါတယ်၊ သို့သော် လည်းပဲ ကျွန်တော်တို့အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ သိရှိနိုင်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းရေးကို အင်အား ခိုင်မာအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်၊ ဘယ်မှာမှသွားရှာလို့မရပါဘူး ပြည်တွင်း အားကိုပဲရအောင် လုပ်ရမှာဖြစ်ပါတယ်၊ ပြည်တွင်းစီးပွားရေးအား၊ ပြည်တွင်းနိုင်ငံရေး ခိုင်မာမှု အင်အား၊ ပြည်တွင်း ကာကွယ်ရေးစွမ်းပကား၊ ဒီအားသုံးအားကို ကျွန်တော်ဒီရတဲ့အချိန်လေး အတွင်းမှာ ကြိုးစားတည်ဆောက်သွားမယ်ဆိုတာ ကျွန်တော်တင်ပြလိုပါတယ်” ဟု ပြောကြား သည်။

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အခက်အခဲပေါင်းစုံကြားမှ စနစ်တကျ စီမံဆောင်ရွက်၍ ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံအနေဖြင့်ထိုက်သင့်သလောက် တိုးတက်မှုရှိလာသည်မှာ အားလုံးအသိပင် ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပသို့တင်ပို့နိုင်အောင် ဆောင်ရွက်မှုများ အောင်မြင်လာပြီဖြစ်ကြောင်း၊ ယနေ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များအရ ကောင်စီဝင်များအားလုံး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အခက်အခဲများမှ တိုးတက်လာခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ အဖျက်အမှောင့်များမရှိပါက ယခုထက်ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအရ အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား လသက်တမ်းတိုးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (/၂၀၂၂) အားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်