Skip to main content

ပြည်ပနိုင်ငံများသို့ ပို့ကုန်များ ယခုထက်ပိုမိုတင်ပို့နိုင်ရန် လိုအပ်ပြီး သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းထက် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေး အားပေးဆောင်ရွက်

နေပြည်တော် ဖေဖေါ်ဝါရီ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်း အောင်မြင့်တို့  တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ပြီးခဲ့သည့် ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မိမိတို့ အစိုးရတာဝန်ယူ ဆောင်ရွက်မှုမှာ ၈ လတာကာလရှိခဲ့ပြီး ယခင်အစိုးရမှ တာဝန်ယူ ဆောင်ရွက်မှု ၄ လတာကာလ ရှိခဲ့ကြောင်း၊ မိမိတို့တာဝန်ယူပြီးချိန်နောက်ပိုင်း နိုင်ငံရေး အခြေအနေများကြောင့် နိုင်ငံ၏စီးပွားရေး၊ လုံခြုံရေးအခြေအနေများတွင် အထိုက်အလျောက်သာ တိုးတက်မှုရရှိခဲ့ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ သယ်ယူပို့ဆောင်ရေး၊ ထုတ်လုပ်မှုအတွက်လိုအပ်သည့် ကုန်ကြမ်းရရှိရေး၊ သွင်းအားစုများ ရရှိရေး လိုအပ်ပြီး အပြည့်အဝ ဆောင်ရွက်နိုင်မှု အားနည်းခဲ့သကဲ့သို့ နိုင်ငံရေးအရဆန္ဒပြမှုများ မှတစ်ဆင့် အကြမ်းဖက်သမားများမှ အကြမ်းဖက်လုယက်သတ်ဖြတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များအထိ အဆင့်ဆင့် လုပ်ဆောင်လာခဲ့သဖြင့် လုံခြုံရေးအဖွဲ့အစည်းများက ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ အလားတူလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် ထိရောက်စွာ ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းများရှိကြောင်း၊ အဆိုပါထိန်းသိမ်း ဆောင်ရွက်သည့် ဖြစ်စဉ်များအတွင်း အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ထိခိုက်သေကြေ ဒဏ်ရာရရှိခဲ့ရမှုများ အတွက်လည်း မိမိအနေဖြင့် စိတ်မကောင်းဖြစ်ရပါကြောင်း၊ အဆိုပါဖြစ်စဉ်များကြောင့် နိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ရာနှုန်းပြည့်ဆောင်ရွက်နိုင်မှု အားနည်းခဲ့ပါကြောင်း။

တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း ဝေဖန်တိုက်ခိုက်မှုများ၊ ဆူပူမှုများကြားမှ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု များကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်းအောက်တိုဘာလအထိ ယာယီစာရင်းအရ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၆၇၇ သန်းရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုလာမည့် ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်း ကုန်သွယ်မှု ပိုငွေများ ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံ၏ကုန်သွယ်မှုပိုငွေများ အတိုင်း အတာတစ်ခုအထိ တိုးတက်လာသဖြင့် အောင်မြင်မှုတစ်ခုဖြစ်ပြီး ထိုသို့ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများသို့ပို့ကုန်များ ယခုထက်ပိုမို တင်ပို့နိုင်ရန်လိုအပ်ပြီး သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းထက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို တင်ပို့ ရောင်းချနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ နိုင်ရေးဆောင်ရွက်ရာတွင် လူအင်အားကို အသုံးချဆောင်ရွက်ရခြင်းဖြစ်သဖြင့် နိုင်ငံ သားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ယခုထက် ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။

ပြည်ပပို့ကုန်များနှင့်ပတ်သက်၍ မိမိတို့၏အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို များစွာတင်ပို့နိုင်ကြောင်း၊ အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် ပြည်ပ ဝင်ငွေများစွာ ရရှိမည်ဖြစ်ကြောင်း၊ ဆန်၊ ပဲ၊ ပြောင်းနှင့် မွေးမြူရေး ထုတ်ကုန်များသည် မိမိတို့ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းခန့်မှ ဆောင်ရွက်နေသည့် အဓိကစီးပွားရေး အသက်မွေးဝမ်းကြောင်း လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အဓိကကျသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်ကုန်၊ အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ် အကြပ်အတည်း ကာလအတွင်း၌ပင် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခြေအနေ တည်ငြိမ်ကောင်းမွန်သည့် အချိန်ကာလ တွင် ပို့ကုန်များကို ပိုမိုတင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း။

ပြည်ပပို့ကုန်များတွင်ပါဝင်သည့် ဝါဂွမ်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ တွက်ချက်မှုအရ မိမိတို့နိုင်ငံ၏ ဝါဂွမ်း စိုက်ပျိုးမှုသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ထက် ကျော်လွန်ထုတ်လုပ်နိုင်မှုရှိသည်ဟု သိရှိရကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်အတွင်း ချည်ထည်နှင့် ဆက်စပ်ပစ္စည်းမျိုးစုံ ပြည်ပမှ အမေရိကန်ဒေါ်လာ ၁၂၈၀ ဒသမ ၁၅၂ သန်းဖိုး တင်သွင်းခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံမှပြည်ပနိုင်ငံများသို့ ဝါဂွမ်းများတင်ပို့ရာတွင် ထိုက်သင့်သည့် အခွန်အခများ ပေးရသကဲ့သို့ မိမိတို့ နိုင်ငံရှိ အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့်ချည်ထည်များ တင်သွင်းရာ တွင်လည်း ဈေးနှုန်းကြီးမြင့်စွာပေး၍ ဝယ်ယူနေရကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဝါဂွမ်းများ ကိုပြည်တွင်း၌ ချည်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းမှုများ လျော့ကျသွားမည်ဖြစ်ပြီး ပြည်တွင်းလိုအပ် ချက်နှင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ပထမ ဦးစားပေးအနေဖြင့် ပြည်တွင်းအဝတ်အထည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ပြီး ဆက်လက်၍ အထည်ချုပ်လုပ်ငန်းများမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့နိုင်ရန် လိုကြောင်း၊ ထို့ကြောင့် ပြည်တွင်းယက်ကန်း လုပ်ငန်းများကို အဆင့်မြှင့်တင်ပြီး အရည်သွေးပြည့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင်ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါနှစ်မျိုး စိုက်ပျိုးပြီး အများအား ဖြင့် ချည်မျှင်ရှည်ဝါကို စိုက်ပျိုးကြကြောင်း၊ ဝါနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် အီဂျစ်၊ တူရကီ၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှာ ထင်ရှားသည့်နိုင်ငံများဖြစ်ပြီး ဗဟိုအာရှ နိုင်ငံများတွင်လည်း ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ အောင်မြင်သည့် နိုင်ငံများလည်း ရှိကြောင်း၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ချည်မျှင်ရှည်ဝါ ထုတ်လုပ်ရေး လုပ်ငန်း များအတွက် အဆိုပါနိုင်ငံများရှိ ပညာရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှုအတွက် များစွာအကျိုးရှိမည် ဖြစ်ကြောင်း။

ရေသုံးစွဲမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ရေကို စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် လူများသုံးစွဲမှုဟူ၍ သုံးမျိုးရှိကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ရာသီဥတုကောင်းမွန်ပြီး မိုးကောင်းစွာ ရွာသွန်းခဲ့မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဆည်များအတွင်း ရေဝင်ရောက်မှုကောင်းမွန်၍ ရေလုံလောက်စွာ ရရှိခဲ့ကြောင်း၊ သို့သော် အဆိုပါဆည်များမှရေများကို ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ ရှိကြောင်း၊ ဆည်များရှိရေများအား ရေအားလျှပ်စစ်ဓာတ်အား သုံးစွဲမှုတစ်ခုတည်းကို သာမက စိုက်ပျိုးရေးလုပ်ငန်းများတွင်ပါ ထိရောက်စွာ အသုံးချရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့်ပတ်သက်၍ LNG ဈေးနှုန်းများအဆမတန် ကြီးမြင့် ခြင်းနှင့် သဘာဝဓာတ်ငွေ့များ လုံလောက်စွာ ရရှိမှုမရှိခြင်း၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်များ ပြုပြင်ရခြင်း များကြောင့် လျှပ်စစ်ထုတ်လုပ်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ခဲ့သကဲ့သို့ မဟာလျှပ်စစ်ဓာတ်အား လိုင်းများကို အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးခြင်းများရှိခဲ့ကြောင်း၊ ထို့ကြောင့် လိုအပ်သည့်လျှပ်စစ် ဓာတ်အားများပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးအတွက် ဆည်များ အတွင်း သိုလှောင်ထားသည့် ရေများကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ် လုပ်ရခြင်းများ ရှိကြောင်း၊ အဓိကအားဖြင့် ရေကိုစနစ်တကျဖြင့် အကျိုးရှိစွာအသုံးချ ရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးပြုရာတွင်လည်း အဟောသိကံ ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ရေသုံးစွဲမှုကို စနစ်တကျဖြင့် ထိရောက်စွာအသုံးချရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင်မြစ်ရေတင်နှင့် ဆည်ရေ သောက်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် လယ်ယာမြေများစွာရှိပြီး အဆိုပါလယ်ယာမြေများတွင် ရေစနစ် တကျသုံးစွဲရေးအတွက် ပညာပေးခြင်းများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုအခါ ကမ္ဘာပေါ်တွင် ရေချိုရှားပါးလျက်ရှိသည့် နိုင်ငံများစွာရှိကြောင်း၊ ဧရာဝတီမြစ်ရေ၏ ၈၀ ရာခိုင်နှုန်း ခန့်သည့် ပင်လယ်အတွင်းသို့ ရောက်ရှိသွားပြီး ၂၀ ရာခိုင်နှုန်းကိုသာ အကျိုး ရှိစွာအသုံးချနိုင်သည်ကို ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်အရ လေ့လာသိရှိရကြောင်း၊ အစ္စရေးနိုင်ငံသည် ရေချိုရှားပါးသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း စိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်မှု၌ ကမ္ဘာပေါ်တွင် တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝ ရေအရင်းအမြစ်များ ပေါများစွာရှိသဖြင့် အဆိုပါရေအရင်းမြစ်များအား စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေးတာဝန်ရှိသည့် ဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်း ဆောင်ရွက် ရန်လို ကြောင်း။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်အသုံးပြု၍ မြစ်ရေတင်စီမံကိန်းများ ဖေါ်ဆောင်ပေးရန် လိုကြောင်း၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ မြစ်ရေတင်စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါက အညာဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်ရန်ရှိသည်များကို ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ် တင်ပို့ရောင်းချခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဈေးကွက်သို့ အဆက်မပြတ်တင်ပို့နိုင်ရေး ဈေးကွက်ရှာဖွေ ဆောင်ရွက်နေရန်လိုကြောင်း။

လူတစ်ဦးရေသုံးစွဲမှုအနေဖြင့် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရေဂါလံ ၅၀ ခန့် သုံးစွဲသည်ကို တွေ့ရှိရကြောင်း၊ အချို့နိုင်ငံများတွင် ရေသုံးစွဲမှုနှင့်ပတ်သက်၍ ကန့်သတ် ထိန်းချုပ်ထားကြောင်း၊ ရေသုံးစွဲမှုနှင့်ပတ်သက်၍ ပြည်သူများကို အသိပညာပေးမှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူဇီဝဖြစ်စဉ်အရ တိရစ္ဆာန်များအတွက်လည်း ရေများလိုအပ်သည့်အတွက် မွေးမြူရေး လုပ်ငန်းများတွင် ကောင်းမွန်သည့် ရေများရရှိရန်လိုကြောင်း၊ ရေကိုအကျိုးရှိစွာဖြင့် စနစ်တကျဖြင့် အသုံးချရန် လိုကြောင်း။

လျှပ်စစ်မီးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားများ တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်သကဲ့သို့ ချွေတာသုံးစွဲရန်လည်းလိုအပ်ကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးသည် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းတွင် ပါဝင်ကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝ၊ စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ခြင်းနှင့် Public Transportation လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက်လျှပ်စစ် ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ လျှပ်စစ်မီးသုံးစွဲမှုနှင့် ရေသုံးစွဲမှုချွေတာနိုင်ရေးအတွက် ပြည်သူများကို အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကို ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ရေး စွမ်းပကားမြှင့်တင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့အတွက် ဒီနှစ် ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့ အတွက်လည်း စိန်ခေါ်တဲ့နှစ်တစ်နှစ်လည်း ဖြစ်လာနေပြီ။ ဘာလို့ဆိုတော့ ဒီစီးပွားရေးကိုပြန်ပြီးတော့ မတ်လာအောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အပေါ်မှာ ပြည်သူက ယုံကြည်မှုရှိလာမယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက် ၃ ခုရှိပါတယ်။ တစ်အချက်ကတော့ တိုင်းပြည်စီးပွားရေးကို ကျွန်တော် ရအောင်ဆွဲ တင်မယ်ပြောထားတယ်။ ပြီးခဲ့တဲ့နှစ်အတွေ့အကြုံအရ ကျွန်တော်တို့ မလုပ်နိုင်စရာ အကြောင်းမရှိဘူး။ ၂၀၂၂ ခုနှစ်မှာ စီးပွားရေးအားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင် လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းတွေမှာ ကျွန်တော်တို့ အကုန်လုပ်မှာ။ အဲ့ဒီနှစ်ခု နိုင်ငံရေးကလည်း ကောင်းနေတယ်။ စီးပွားရေးကလည်း အားကောင်းလာပြီဆိုရင် ဒီဘက်က နိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့သွားရမယ်။ အားလုံးပါဝင်တဲ့။ ကျွန်တော်တို့ ဥပမာ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဥပဒေ မကျင့်သုံး ရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်း ဥပဒေ ကျွန်တော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိလို့ ကျွန်တော်တို့လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊ လုပ်နိုင်ပြီဆိုလို့၊ လက်ထဲမှာပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုလို့ရှိရင် တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျွန်တော်တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမယ်။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ၊ တစ်နှစ်ခွဲလည်းဖြစ်ရင် ဖြစ်မှာပေါ့။ အခြေအနေပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့အခြေအနေပေါ် မူတည်ပြီးတော့လုပ်ရမှာပေါ့။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး။ ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေးအား မကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ် ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။” ဟုပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက်ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် နိုင်ငံခြားငွေသုံးစွဲမှုနှင့်စပ်လျဉ်း၍ ယခင် အစိုးရများ လက်ထက်တွင် ကုန်သွယ်မှု လိုငွေများရှိခဲ့ပြီး ရေရှည်တွင် ကြွေးမြီ ပြဿနာများ ကြီးမားလာနိုင်ပါကြောင်း၊ ယင်းကို ကြိုတင် တွက်ဆ၍ ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြားသုံးငွေကို ခြိုးခြံချွေတာပြီး မဖြစ်မနေသုံးစွဲရမည့် ကိစ္စများတွင်သာ သုံးစွဲကြစေလိုကြောင်း၊ ဖြစ်နိုင်ပါက ပြည်တွင်းငွေကြေးဖြင့်သာ သုံးစွဲကြစေလို ကြောင်းနှင့် ဝန်ကြီးဌာနများအနေဖြင့် မလိုအပ်သည့် ကိစ္စရပ်များတွင် သုံးစွဲခြင်း မပြုဘဲ အမှန်တကယ် လိုအပ်သည့် ရေရှည်တည်တံ့မည့် တည်ဆောက်ရေး လုပ်ငန်းများတွင်သာ သုံးစွဲကြရန် လိုကြောင်း။

နိုင်ငံတကာချေးငွေများနှင့်စပ်လျဉ်း၍ အကျိုးရှိစွာ သုံးစွဲကြရန်လိုအပ်ပြီး ဌာနအတွက် အမှန်တကယ် အကျိုးရှိသော ချေးငွေများဖြစ်ရန် လိုအပ်ကြောင်း၊ အခွန်အကောက်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများ အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ရရှိရေးဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပုဂ္ဂလိက ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှသာ ပြည်ပပို့ကုန်ပိုမို တင်ပို့နိုင်မည်ဖြစ်ပြီး ယင်းဝင်ငွေမှ နိုင်ငံတော်အတွက် အခွန်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်းထက် ရသင့်ရထိုက်သော အခွန်အခများ မှန်မှန်ကန်ကန်ရရှိနိုင်ရေး ဝန်ကြီးဌာနများအနေဖြင့် ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ဝန်ထမ်းများ ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ မလိုအပ်ဘဲ ဖွဲ့စည်းခန့်အပ်ခြင်းများ မပြုလုပ်ကြရန်နှင့် ခန့်အပ်ပြီးဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရေးနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် အတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း။

လက်ရှိခြေအနေတွင်  ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်မှု၊ ပို့ဆောင်ရေးစရိတ် ကြီးမြင့်မှုနှင့် ကုန်ကြမ်းဈေးနှုန်းမြင့်မားမှုတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၏ အဓိကအချက်အားဖြင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များပြားခြင်းကြောင့်ဖြစ်သဖြင့် အများပြည်သူ ပို့ဆောင်ရေးစနစ် ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယင်းစနစ် ကောင်းမွန်ရန် ဆောင်ရွက်ပေးခြင်း အားဖြင့် နိုင်ငံခြားငွေဖြင့် ဝယ်ယူသုံးစွဲနေရသည့် စက်သုံးဆီသုံးစွဲမှုကို ထိထိရောက်ရောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအတွက် ကုန်ကြမ်းများ လုံလုံလောက်လောက် ရရှိနိုင်ရေးနှင့် ဈေးကွက်အတွင်း ဝယ်လိုအားကိုကာမိသည်အထိ တိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို အားပေးမှသာ ကုန်ဈေးနှုန်း ကျဆင်းလာမည် ဖြစ်ပြီး ငွေကြေးခိုင်မာမှု ရရှိလာမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ စီးပွားရေးကို အထောက်အကူဖြစ်စေပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရာ ရောက်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် ကျန်ရှိသည့် ဘတ်ဂျက်ကာလအတွင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်