ဗြိတိသျှနယ်ချဲ့လက်အောက် သူ့ကျွန်ဘဝမရောက်ခင်က မြန်မာနိုင်ငံသည် ဘုရင်အုပ်ချုပ်သည့် ပဒေသရာဇ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသာမက အာရှတိုက်တစ်ခုလုံး အရှေ့တိုင်းပုံစံ ပဒေသရာဇ်စနစ်ကို ကျင့်သုံးနေကြခြင်းဖြစ်သည်။ နိုင်ငံများ၏ ပိုင်နက် နှင့် နယ်စပ်စည်းမျဉ်းများက ပဒေသရာဇ်မင်းတို့ အင်အားကြီးလျှင်ကြီးသလောက်၊ လက်ရုံးဆန့်တန်းနိုင်လျှင် ဆန့်တန်းနိုင် သလောက် ကျယ်ဝန်းကြရသည်။ အုပ်ချုပ်ရေးဗဟိုသည် မြို့ပြယဉ်ကျေးမှု Civilization အဖွံ့ဖြိုးဆုံး၊ စီးပွားရေးအချက်အချာ၊ ကာကွယ်ရေးစွမ်းအား အတောင့်တင်းဆုံး နေရာတို့မှာ တည်ရှိသည်။
ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးဗဟိုသည် အများအားဖြင့် ဧရာဝတီ မြစ်ဝှမ်းဒေသနှင့် စစ်တောင်းမြစ်ဝှမ်းဒေသများ တို့တွင် အခြေစိုက်ခဲ့သည်။ အုပ်ချုပ်ခဲ့သူ ဘုရင်တို့မှာ ဗမာလူမျိုးတစ်မျိုးတည်းသာမဟုတ်၊ ရှမ်း၊ မွန်၊ ကရင်တို့လည်း ပါဝင်သလို ဝန်ကြီးများအပါအဝင် အဆင့်မြင့်အရာရှိကြီးများတွင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။ တစ်ပြည်ရပ်ခြားက ကျူးကျော်စစ်ပြုလာ လျှင် အုပ်ချုပ်ရေးဗဟိုဖြစ်သည့် နေပြည်တော်က ဦးဆောင်ကာ အဝေးအုပ်ချုပ်ရေးနယ်များမှ ထောင်ပြုမြို့၊ ရာပြုမြို့များကပါ လိုက်ပါ၍ ပြည်ပရန်ကို ကာကွယ်ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ဩဇာအာဏာချဲ့ထွင်ရန်အတွက် ခရီးရှည် ချီတက် တိုက်ခိုက်ကြ ရာတွင်လည်း တိုင်းရင်းသားတပ်များ ပါဝင်ခဲ့ကြရာ စည်းလုံးညီညွတ်သည့် မြန်မာတို့၏ ဩဇာအာဏာသည် ယနေ့ခေတ် မြန်မာ နိုင်ငံမြေပုံမှ နယ်နိမိတ်များထက် များစွာ ကျော်လွန်ခဲ့သည်။ “ပြည်ထောင်စု” ဟူသော အခေါ်အဝေါ်ဝေါဟာရကို သုံးစွဲခြင်း မရှိသေးသော်လည်း ထိုစဉ်က မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံပင်ဖြစ်သည်။ ပဒေသရာဇ်ခေတ်ဖြစ်သည့် အတွက် တန်ခိုးသြဇာ ဖြန့်ကြက်ခြင်းနှင့် သစ္စာတော်ခံခြင်းတို့ကသာ အမျိုးသားနိုင်ငံရေးပုံစံ ဖြစ်ခဲ့သည်။ မင်းကျင့်တရားနှင့်အညီအုပ်ချုပ်ပြီး တိုင်းပြည်ကို သာယာဝပြောစေသူ၊ သာသနာတော်ကို စောင့်ရှောက်သူ မည်သည့် (တိုင်းရင်းသား) လူမျိုးကိုမဆို ထီးနန်းတွင် လက်ခံခဲ့သော်လည်း မင်းဆိုးမင်းညစ် ဖြစ်ခဲ့ပါမူ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သမိုင်းတွင် အထင်အရှား တွေ့နိုင်သည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်ကျရောက်ခဲ့ပြီးနောက် နှစ်ပေါင်း (၆၀) ကျော်ကြာ ထီးနှင့်နန်းနှင့်ကင်းကွာ၍ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင်နေခဲ့ရပြီး ကမ္ဘာ့အခြေအနေရော မြန်မာ့အခြေအနေပါ ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးလျှင် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုနိုင်ငံဖွဲ့စည်း၍ သမ္မတစနစ်ဖြင့် အုပ်ချုပ်ရန် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက စုပေါင်းချမှတ်ခဲ့ကြသည်။ ပဒေသရာဇ်ခေတ်တွင် ရှိခဲ့သည့် ပြည်ထောင်စုသည် တန်ခိုးအာဏာနှင့် သစ္စာတော်ခံမှုကို ဦးထိပ်ထားခဲ့သော်လည်း ခေတ်သစ်ပြည်ထောင်စုတွင်မူ စည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီတို့က အဓိကဖြစ်လာသည်။ ခေတ်သစ်ကမ္ဘာတွင် နိုင်ငံများ၏ နယ်စပ်စည်းမျဉ်းများက တိတိကျကျ ပြတ်ပြတ်သားသားဖြစ်သလို မျိုးနွယ်တူများပင်ဖြစ်စေကာမူ နယ်စပ်မျဉ်း၏ တစ်ဖက်တစ်ချက်တွင် ရှိနေသူများမှာ နိုင်ငံမတူတော့။ မိမိတို့ရပ်တည်ရာနေရာ ဒေသပေါင်းစည်းတည်ရှိနေသည့် မြေသည်သာ မိမိတို့၏ဇာတိ၊ မိမိတို့၏ အမိမြေ၊ ဤမြေပေါ်တွင် ကောင်းတူဆိုးဖက် အတူတကွ ယှဉ်တွဲနေထိုင်ကြသူများသည် ကံကြမ္မာတူ မိသားစု၊ သွေးရင်းသားရင်း၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမများသာ။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သော ပြီးခဲ့သည့် ဆယ်နှစ်တာအတွင်း မြန်မာ့နိုင်ငံရေး စိမ်းသည်ဖြစ်စေ၊ နီသည်ဖြစ်စေ ဗိုလ်ကျစိုးမိုး လိုသည့် တိုင်းတစ်ပါး အင်အားစုများက မိမိတို့နိုင်ငံကို ၎င်းတို့၏ အလိုအတိုင်း မဖြစ်ဖြစ်အောင် ဖိအားပေးခဲ့ကြသည်ကို မိမိတို့ တွေ့ကြုံခဲ့ကြပြီးဖြစ်သည်။ အင်အားချည့်နဲ့နေပြီး ၎င်းတို့၏ ဩဇာခံဖြစ်ရေးကိုသာ ဝါယမအထူး စိုက်ခဲ့သော်လည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် အကြောင်းအမျိုးမျိုးပြကာ နှောင့်နှေးခဲ့ကြသည်ကိုလည်း တွေ့ကြုံခဲ့ရသည်။ မိမိတို့အဖို့ ပြည်တွင်းအားသည်သာလျှင် အခရာ။ အားလုံးအတူတကွ စည်းလုံးညီညွတ်ခြင်းသည်သာ ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်သည်ကို အမြင်ကြည်ကြည်လင်လင်ဖြင့် ရှုမြင်နိုင်ကြပါစေကြောင်း။ ။