နေပြည်တော် ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ဦးရွှေကြိမ်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် ဒေါက်တာဒေါ်ရင်ရင်နွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးနှင့် လွိုင်မွေတောင် စခန်းမြို့ရှိ စတုရဋ္ဌသုမင်္ဂလ စေတီတော်အား ဖူးမြော်ကြည်ညိုပြီး လွိုင်မွေဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာန နာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိ ဘုရားကြီးသို့ ရောက်ရှိဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီးအတွက် စေတနာရှင်အလှူရှင်များမှ စုပေါင်း လှူဒါန်းသည့် ဘက်စုံ အလှူငွေ ၇၇၁ သိန်းအား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းနွံနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွိုင်မွေတောင်စခန်းမြို့ရှိ စတုရဋ္ဌသုမင်္ဂလ စေတီတော်သို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အားဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အဖွဲ့ဝင်များနှင့်အတူ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကာ စေတီတော် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် နှစ် ၁၀၀ စံအိမ်သို့ရောက်ရှိကြပြီး စံအိမ်အတွင်း ခင်းကျင်းပြသထားသည့် လွိုင်မွေမြို့သမိုင်းနှင့် အထင်ကရနေရာများ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုကြသည်။ ထို့နောက် သက်တမ်း ၁၀၄ နှစ်ရှိပြီဖြစ်သည့် စံအိမ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စံအိမ်အတွင်းရှိ အသုံးအဆောင် ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာမပြတ် ပြန်လည် ပြင်ဆင်သွားရန်နှင့် အခြား လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွိုင်မွေကန် ကန်ဆည်ခြင်းလုပ်ငန်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ကောင်းမှုတော် ဆည်အတွင်း ရေသိုလှောင်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က လွိုင်မွေကန်သည် လွိုင်မွေအပန်းဖြေတောင်စခန်းမြို့အတွက် သဘာဝက ပေးထားသည့် လက်ဆောင်ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲရေး အမြဲမပြတ်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ရေဝေရေလဲ ဧရိယာအတွင်းရှိ သစ်ပင်သစ်တောများကို ထိန်းသိမ်းရန်၊ အပန်းဖြေမြို့ဖြစ်သည့် အတွက် မျက်စိပသာဒဖြစ်စေရန်၊ ပတ်ဝန်းကျင်သာယာလှပရန်နှင့် လေဝင်လေထွက် ကောင်းမွန်မှုရှိစေရေး အောက်ခြေရှုပ်ခြုံနွယ်များကို ရှင်းလင်းရန်နှင့် သစ်ပင်ကြီးများကို အလင်းဖွင့်ခြင်း ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ လွိုင်မွေအပန်းဖြေ တောင်စခန်းမြို့ တောင်တက် လမ်းတစ်လျှောက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန်အတွက် လွိုင်မွေ အပန်းဖြေ တောင်စခန်းမြို့နှင့် ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်သို့ ဆက်သွယ်ပြေးဆွဲမည့် Sky Train တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ယာဉ်ရပ်နားမည့် နေရာနှင့် လမ်းများ သွားလာမှု အဆင်ပြေစေရေး ရေရှည်ကို မျှော်တွေး၍ စနစ်တကျတွက်ချက် တည်ဆောက်သွားရန်နှင့် အခြားလိုအပ် သည်များကို မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် နောင်တုံကန်အနီး၌ ကျိုင်းတုံဟော်နန်း ပုံစံတူ တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နောင်တုံကန် ပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ကန်ပတ်လမ်း အဆင့်မြှင့်တင်ထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်ပတ်လမ်းတွင် ပြည်သူများ လွတ်လပ်စွာဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန် ကန်ပတ်လမ်းဘေးတွင် လျှောက်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းနှင့် ကန်ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။