Skip to main content

အဂတိလိုက်စားမှုဖြစ်နိုင်ချေ ဆန်းစစ်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၅

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) မှ အဂတိလိုက်စားမှုဖြစ်နိုင်ချေ ဆန်းစစ်မှုအလုပ်ရုံ ဆွေးနွေးပွဲ (Corruption Prevention Risk Assessment Training Workshop) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

ပြောင်းလဲဆောင်ရွက်လျက်ရှိ

ဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြန်မာနိုင်ငံသည် ယခုအခါ ငြိမ်းချမ်းသာယာသော ဒီမိုကရေစီစနစ်နှင့် ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေးကို ဦးတည်သောနိုင်ငံအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရဌာနများအနေဖြင့် သန့်ရှင်းသောအစိုးရနှင့် အဂတိကင်းရှင်းသောလူ့ဘောင်သို့ ပြောင်းလဲလျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် ငြိမ်းချမ်းရေး၊ အားနည်းသော ဒီမိုကရေစီနှင့် တရားမျှတသော  စီးပွားရေးယှဉ်ပြိုင်မှုများကို ခြိမ်းခြောက်စေပါကြောင်း။

လူတစ်ဦးချင်းစီက ကြိုးစားလုပ်ဆောင်

အစိုးရဝန်ကြီးဌာနများတွင် နိုင်ငံတော်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အတွက်  ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် ရှုပ်ထွေးသော ပြဿနာတစ်ရပ် ဖြစ်သဖြင့် တစ်ကြိမ်တစ်ခါတည်း ပြုပြင်ရုံမျှဖြင့် လုံလောက်မှုမရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါကြောင်း၊ ကောင်းမွန်သော အဂတိလိုက်စားမှုကာကွယ်ရေး အတွက် ကြိုတင်ကာကွယ်မှုများနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါ အဂတိလိုက်စားမှု လျော့နည်းသွားအောင် လူတစ်ဦးချင်းစီမှ ကြိုးစားလုပ်ဆောင် သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာပေးရေးအတွက် သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်းကာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အသိပညာပေးရေးကို ဆောင်ရွက်နိုင်သဖြင့် လွန်စွာအကျိုးရှိသော ဆွေးနွေးပွဲ Workshop ဖြစ်ပါကြောင်း ပြောကြားသည်။

ကောင်းသောရည်ရွယ်ချက်များဖြစ်

ထို့နောက် UNDP မှ ဌာနေကိုယ်စားလှယ် Mr. Gordon Johnson က ယခုကဲ့သို့ Workshop တွင် ပူးပေါင်းပါဝင်ခွင့်ရရှိသဖြင့် ဝမ်းသာမိပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါကြောင်း၊ ပြည်သူများ၏ ယုံကြည်မှုရရှိရေးသည်လည်း ဥပဒေ၊  လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲမှုပေါ်တွင် မူတည်ပြီး အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ကြီးဌာနများတွင် CPU များ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည်မှာ ကောင်းသောရည်ရွယ်ချက်များ ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်သူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် နည်းလမ်း ကောင်းများ၊ နိုင်ငံတကာဆောင်ရွက်မှု နမူနာများနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)