လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည် မဟုတ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံက “မူ”အရ လက်မခံနိုင်သော ယခင်ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ ရပ်တည်ချက်ကြောင့် ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားတွင် ပထမဆုံးအကြိမ် ကျင်းပသည့် အဆိုပါအစည်းအဝေးမှာ မြန်မာမပါဝင်သော၊ အာဆီယံ ၁၀ နိုင်ငံ အပြည့်အဝမပါဝင်သော အစည်းအဝေးတစ်ရပ်အဖြစ် ကျင်းပကြရမှာ ဖြစ်သည်။
အရှေ့တောင်အာရှ ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ၏ထူးခြားသည့် ဝိသေသလက္ခဏာများမှာ နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း၊ အငြင်းပွားမှု၊ ခြိမ်းခြောက်မှုများကို ရှောင်ကြဉ်ခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ အာဆီယံနိုင်ငံများမှာ ပထဝီအနေအထားအရ၊ ဘာသာရေးအရ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပုံစံများအရ တစ်နိုင်ငံနှင့် တစ်နိုင်ငံ များစွာကွဲပြားခြားနားကြသည်။ ယင်းသို့မတူညီသော ဒေသတွင်းနိုင်ငံများကို တစ်စုတစ်စည်း တည်း တည်တံ့ခိုင်မြဲစွာ စုစည်းနိုင်ရန်အတွက် အာဆီယံပဋိညာဉ်ပါ အချက်များတွင်ပါရှိသည့် “ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရန်”၊ “အဖွဲ့ဝင်နိုင်ငံ များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေးကို မစွက်ဖက်ရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေးတည်ရှိမှုကို ပြင်ပမှမစွက်ဖက်ရန်”ဟူသည့်အချက်များကို အလေးအနက်ရှိကြရန် လိုအပ်သည်။
ဒေသတွင်းနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အာဆီယံအနေဖြင့် ဒေသပြင်ပမှ အင်အားကြီးနိုင်ငံအချို့၏ အားပြိုင်မှုတွင် မိမိတို့နိုင်ငံအချင်းချင်း ပိုမို၍ သိပ်သည်းကျစ်လျစ်စွာ စည်းလုံးညီညွတ်ရန် လိုအပ်လာသည်။ အင်အားကြီးနိုင်ငံတို့က ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားအတွက် အာဆီယံအဖွဲ့အတွင်း ဝင်ရောက်မွှေနှောက်ကာ ဖိအားပေး၊ အကျပ်ကိုင်၊ သွေးဆောင်၊ စည်းရုံး နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်နေခြင်းက အဖွဲ့ကြီး၏ တည်ငြိမ်မှု၊ တည်တံ့ ခိုင်မြဲ မှုတို့ကို ထိခိုက်စေသည့်အပြင် သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးအပေါ်တွင်လည်း အပေါင်း လက္ခဏာမဆောင်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေ နိုင်သည်။ အထူးသဖြင့် အာဆီယံနိုင်ငံများတည်ရှိနေသည့် အရှေ့တောင်အာရှဒေသကြီးမှာ ၂၁ ရာစု၏ ပါဝါအရွှေ့အပြောင်းတွင် အချက်အချာကျ လာခြင်းက ရေရှည်တွင် အဖွဲ့အစည်းအပေါ်တွင် လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်ခုစီတို့အပေါ်တွင်လည်းကောင်း၊ အင်အားကြီးတို့၏ သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်း၏နောက်တွင် အင်အားကြီးတို့၏ ဝင်ရောက်သပ်လျှိုကြိုးကိုင်ခြင်းဖြင့် အဖွဲ့အစည်း၏ မူဝါဒများ၊ မူလရည်ရွယ်ချက်နှင့် လမ်းစဉ်တို့ပျက်ယွင်းသည့် အဖြစ်မျိုးမှ ရှောင်ကြဉ်နိုင်ရန်လည်း ကြိုးပမ်းကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပြီး နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည့်နိုင်ငံလည်း ဖြစ်သည်။ ထို့အပြင် အာဆီယံမိသားစုဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူ ရည်တူရှိရမည့် “မူ”နှင့်အညီ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘော ဆက်လက်ထိတွေ့ ဆောင်ရွက်ခြင်းက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏တာဝန်ကို ကျေပွန်စွာ အဖွဲ့အစည်း၏ အကျိုးကို သယ်ပိုးခြင်းပင်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်