Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း သတ္တာသတ္တာဟ မဟာဗောဓိစေတီတော် မြတ်ကြီး တည်ဆောက်နေမှုကိုကြည့်ရှု

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာတော ရကျောင်းတိုက် ဦးစီးပဓာန နာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း သတ္တာသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။     

လှည့်လည်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပရိဝုဏ်တော်အတွင်းသို့ ရောက်ရှိကြပြီး အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။ ထို့နောက် ရုပ်ပွား တော်မြတ်ကြီးအတွင်း ဗုဒ္ဓဝင်ဖြစ်တော်စဉ်များကို စကျင်ကျောက်တော်များဖြင့် ထွင်းထုပူဇော် ထားမှုအား လှည့်လည်ကြည်ညိုကြသည်။

ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗုဒ္ဓဥယျာဉ် တော်နှင့် လွိုင်မွေတောင်အပန်းဖြေစခန်းမြို့သို့ ဆက်သွယ်ဖောက် လုပ်မည့် Sky Train စီမံကိန်းမြေနေရာအားသွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သွားရောက်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှုခင်းသာနေရာနှင့် ဗုဒ္ဓဥယျာဉ်တော်နှင့် သောက်သုံးရေလိုအပ်လျက် ရှိသည့် ပတ်ဝန်းကျင်ကျေးရွာများ ရေလှောင်တမံ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရေလှောင်တမံဆောင်ရွက်နေမှု အခြေအနေများနှင့် ကျိုင်းတုံမြို့နယ် ရေကြီးရေလျှံမှု ကာကွယ်ရေး ဘဏ္ဍာနှစ်အလိုက် ချောင်းများမှ သဲနုန်းတူးဖော်ခြင်းနှင့် ချောင်းချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က မြေအောက်ရေသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချ၍ သဘာဝမှ သိုလှောင်ရရှိနိုင်သည့် ရေကို ဆည်တည်ဆောက်၍ ထိန်းသိမ်းသုံးစွဲရန်လိုကြောင်း၊ ထိုသို့ သုံးစွဲရာတွင်လည်း ရေသုံးစွဲမှုကို စနစ်တကျသုံးစွဲရန်လိုကြောင်း၊ မြစ်ချောင်းများအတွင်း မိုးရာသီ၌ ရေဝင်ရောက်မှု ပိုမိုများပြားစေရေး သဲနုန်းများကို ယခုပွင့်လင်းကာလ များတွင် စနစ်တကျ ဖယ်ရှားရှင်းလင်း ထားရန်လိုကြောင်း၊ အဆိုပါ မြစ်၊ ချောင်းများအတွင်းရှိ ရေများကို စိုက်ပျိုးရေးတောင်သူများ ရာသီမရွေး သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး အသေးစား ရေတင်စိုက်ပျိုးခြင်းများကို ကျိုင်းတုံဒေသတွင် ကနဦး စမ်းသပ်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ အသေးစား ရေတင်စိုက်ပျိုး ခြင်းဖြင့် အောင်မြင်မှုများ ရရှိပါက နိုင်ငံတစ်ဝန်းတွင်လည်း အဆိုပါ စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှသာ စိုက်ပျိုးရေးတောင်သူများ ၏ လူမှုစီးပွားဘဝ ဖြစ်ထွန်းတိုးတက်လာမည်ဖြစ်သဖြင့် အောင်မြင်အောင် တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရန်လိုကြောင်းဖြင့် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဝစီပိတ် ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်ပဓာန ကမကထပြု၍ တည်ဆောက် ပူဇော်လျက်ရှိသည့် သတ္တာသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်ပူဇော် ပြီးစီးမှု အခြေအနေများ၊ ကမ္မဝိသုဒ္ဓိခဏ္ဍ သိမ်တော်တည်ဆောက်ပြီးစီးမှု အခြေအနေများ ကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်