နေပြည်တော် ဖေဖေါ်ဝါရီ - ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍ တြိဂံဒေသတိုင်းစစ် ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးသည်။
ဦးစွာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း က တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသများတွင် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ရေး ဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် နယ်မြေဒေသလုံခြုံရေးဆိုင်ရာများအား ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေ
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေသည် သွားလာရေး အခက် အခဲရှိသည့် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီး မိမိကိုယ်တိုင်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် ကာလများတွင်လည်း တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေသည် အလှမ်းဝေးသည့် နယ်မြေဒေသတစ်ခုဖြစ်သဖြင့် ဆေးပစ္စည်းများ အချိန်မီပို့ဆောင်ပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည်မှန်သမျှကို ကာကွယ် တားဆီးနိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ နယ်စပ် ဖြတ်ကျော်မှုခင်းများ လျော့နည်းစေရေး လုပ်ဆောင်နေခြင်းသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေခြင်းပင် ဖြစ်ကြောင်း။
တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည် ဖြစ်သကဲ့သို့ လေ့ကျင့်ရေး သင်တန်းကျောင်းများကလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆင့်ဆင့်သောခေါင်းဆောင်များ ကိုယ်တိုင်က စည်းကမ်း ကောင်းမှသာလျင် စည်းကမ်းကောင်းမွန်ပြီး တိုက်စွမ်းရည်တိုက်စွမ်းအား ကောင်းမွန် သည့်တပ်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ ညီညွတ်မျှတပြီး တပ်မှူးကောင်းစိတ်ထား၍ မိမိတို့၏ လက်အောက်ငယ်သား များကို အုပ်ချုပ်ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သည် တစ်ဦးချင်း၏ ရပိုင်ခွင့်များနှင့် သက်သာ ချောင်ချိမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ တပ်မှူးများ အနေဖြင့် စစ်သည်တစ်ဦးချင်း၏ အခြေခံစိတ်နေ သဘောထားများကို သိရှိနေမှသာလျင် လူမှန် နေရာမှန် တာဝန်ပေးအပ်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အားနည်းချက်၊ လိုအပ်ချက်များ ကိုလည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ လက်အောက် ငယ်သားများအနေဖြင့်လည်း လိုက်နာရမည့် ကျင့်ဝတ်အပါး ၆၀ ကို တိတိကျကျလိုက်နာ ကျင့်သုံးရန်လိုအပ်မည်ဖြစ်ကြောင်း။
အားပေးဆောင်ရွက်လျက်ရှိ
ခေါင်းဆောင်များအနေဖြင့် မိမိကိုယ်တိုင် စာဖတ်ရန်လိုအပ်သကဲ့သို့ မိမိကွပ်ကဲအုပ် ချုပ်နေရသူများ၏ ပညာရည်အဆင့်အတန်းမြင့်မားရေးအတွက်လည်း အားပေးဆောင် ရွက်နေရမည်ဖြစ်ကြောင်း၊ စာပေဗဟုသုတ ရှိမှသာလျင် အမှားအမှန်ခွဲခြားသိမြင်နိုင်မည်ဖြစ်ပြီး တစ်ဦးချင်းကြုံတွေ့လာရသည့် အခက်အခဲများကို ကျိုးကြောင်း ဆီလျော်စွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်မတော်တစ်ရပ် လုံး၏ ပညာရည်မြင့်မားရေးကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း။
ထိန်းသိမ်းတည့်မတ်ပေး
စွမ်းရည်စွမ်းအားရှိသောတပ် ဖြစ်လာစေရေးအတွက် ခေါင်းဆောင်များ၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးသည်ဖြစ်သောကြောင့် တပ်မှူးများအနေဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက်နှင့်အညီ ချိန်ထိုးသုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော် က စစ်သည် တစ်ဦးချင်း၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ ကျန်းမာရေး တို့ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် ၎င်းတို့၏ လူနေမှုဘဝမြှင့်တင်ရေးနှင့် စည်းကမ်းစနစ်တကျ နေထိုင်သွားလာ စားသောက်မှု ဖြစ်စေရေးအတွက် အနီးကပ်ကွပ်ကဲ နေရသည့် တပ်မှူးများက ထိန်းသိမ်းတည့်မတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ စစ်သား ပီသသည့် စစ်ခေါင်းဆောင်များ ဖြစ်အောင် နေထိုင်ကျင့်ကြံကြရန်လိုအပ်မည် ဖြစ်ကြောင်း၊ နယ်မြေခံပြည်သူလူထု၏ အကျိုးစီးပွားကိုလည်း ဖော်ဆောင်ပေးရန်လိုကြောင်း၊ ပညာရေး အားပေးမှု နည်းပါးသည့် နယ်မြေဒေသဖြစ်ည့်အတွက် ပညာရည်အဆင့်အတန်း မြင့်မား လာစေရေး တွန်းအားပေး ဆောင်ရွက်ကြ စေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွား ဖော်ဆောင်ရေးတို့ကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်