Skip to main content

ယဉ်ကျေးမှုအမွေအနှစ်များထုတ်ဖော် ဇာတိဂုဏ်၊ အမျိုးဂုဏ်မြှင့်တင်

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်ခု ဂုဏ်မြင့်မှု၌ ထိုနိုင်ငံထိုလူမျိုးတို့၏ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတိတ်ကာလ ယဉ်ကျေးမှုအမွေအနှစ်များ ဝင့်ကြွား ထည်ဝါမှု ဤနှစ်ချက်သည် အဓိကကျပေသည်။ အချို့နိုင်ငံသည် မျက်မှောက်ကာလ၌ တိုးတက်နေသော်လည်း ယဉ်ကျေးမှု အမွေအနှစ်နောက်ခံမရှိပေ။ အချို့နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များရှိသော်လည်း တန်ဖိုးထားခြင်းမရှိပေ။ ဤနိုင်ငံတို့သည် ဂုဏ်ယူဝင့်ကြွားဖွယ်ရာမရှိပေ။ ယဉ်ကျေးမှုအမွေအနှစ် လည်းရှိ၊ တန်ဖိုးလည်းထားပြီး တိုးတက်နေသော နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားတင့်တယ် မြင့်မားသောနိုင်ငံဖြစ်ပေသည်။

မြန်မာနိုင်ငံသည် သမိုင်းမတင်မီကာလမှစ၍ ယဉ်ကျေးမှုအမွေအနှစ်များ စဉ်ဆက်မပြတ် တိုးတက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုအဆင့်ဆင့် တိုးတက် ဖြစ်ပေါ်မှုတွင် အခြားဒေသများထက် ပိုမိုထူးခြားသည်မှာ မြန်မာ့မြေပေါ်တွင် လူမျိုးနွယ်အစ အဆင့်မြင့်ပရိုင်းမိတ်များ ပေါ်ပေါက်ကျက်စားခဲ့သည့် ရုပ်ကြွင်း အထောက်အထားများ တွေ့ရှိထားသည်။ မြန်မာ့ရေမြေတောတောင် အနေအထားသည် ရာသီဥတု သပ္ပာယမျှတပြီး သယံဇာတလည်းပေါကြွယ်ဝသည်။ ဤအဖိုးတန် ရတနာမြေတွင် ရှေးဦးလူသားတို့ နေထိုင်ခဲ့ကြကြောင်းကို တူးဖော်တွေ့ရှိရသော ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယဉ်ကျေးမှု ဆိုင်ရာ အထောက်အထားများက အထင်အရှား သက်သေထူနိုင်ခဲ့သည်။

မြန်မာ့မြေပေါ်တွင် ယဉ်ကျေးမှုအဆင့်အတန်း အဆင့်ဆင့်တိုးတက်မြင့်မား လာပြီးနောက် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် တိုင်းရင်းသားလူမျိုးများသည် တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိစသည့် မြို့ပြနိုင်ငံများ တည်ထောင်ခဲ့ကြသည်။ မြန်မာတို့၏ မြို့ပြနိုင်ငံများ ခေတ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှေးနှစ်ပေါင်း၊ ရာပေါင်းများစွာကပင် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုးတို့နှင့် ကိုယ့်မင်းကိုယ့်ချင်း နေထိုင်ခဲ့ကြသူများ ဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေပါသည်။ မြို့ပြနိုင်ငံများ တည်ထောင်ခဲ့ပြီးနောက် အင်အားကြီးသောနိုင်ငံတော်ကြီးကို ပုဂံခေတ်မှစတင်၍ တည်ထောင်နိုင်ခဲ့ပါ သည်။

ခေတ်ကာလတို့သည် လောကဓမ္မတာ သင်္ခါရသဘောတရားအရဖြစ်ပြီး ပျက်ပြန်ရှိမည်ဖြစ်၍ အတိတ်တစ်ချိန်က ထွန်းကားခဲ့သော မြို့ပြနိုင်ငံများသည် ခေတ်သမိုင်း၏ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့ပါသည်။ အတိတ်ဟူသည် ပြီးဆုံးသွားပြီဟု မှတ်ယူ၍မရဘဲ အတိတ်ကာလက ဂုဏ်ယူ ဝင့်ကြွားဖွယ်ရာများ၊ အထင်ကရသမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ထုတ်ဖော်ပြသခြင်းဖြင့် မြတ်နိုးဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ မြန်မာလူမျိုးတို့၏ ဂုဏ်၊ မြန်မာတို့၏ဇာတိတို့ကို သိရှိကြပြီး မျိုးချစ်စိတ်ဓာတ်များနိုးကြားထက်သန်ကာ တိုင်းပြည်နှင့်လူမျိုးအပေါ် တန်ဖိုးထားမှု မြင့်မားလာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းမြို့ပြဒေသများ နိုင်ငံအနှံ့၌ရှိသည့်အနက် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့တော်ဟောင်း သုံးခုကို ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံကကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး(၃)ရပ်နှင့်ညီညွတ်သဖြင့် အဆိုပါပျူမြို့ဟောင်း သုံးခုကို “ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ” အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာ နိုင်ငံတွင် သမိုင်းဂုဏ်ရောင်ထွန်းပြောင်ခဲ့သော ရှေးမြို့ဟောင်းများကို ကမ္ဘာက အသိအမှတ်ပြုသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများအတွက် ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်သည်။ ထိုကဲ့သို့ “မိမိနိုင်ငံ၏ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်းဖြင့် တိုင်းပြည်အပေါ် တန်ဖိုးထားမှုနှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်မှု၊ တိုင်းပြည်၏ ရှေးဟောင်းယဉ်ကျေးမှုကို တန်ဖိုးထားဂုဏ်ယူမှုတို့ကို ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တောင်တွင်းကြီး မြို့နယ်ရှိ ဗိဿနိုးမြို့ဟောင်းသို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှတွင် အစောဆုံးမြို့ပြယဉ်ကျေးမှုသည် မြန်မာနိုင်ငံရှိ ပျူမြို့တော်များဖြစ်ပြီး ၎င်းပျူမြို့များနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ၌ သမိုင်းယဉ်ကျေးမှု အထောက်အထားများအဖြစ် မှတ်တမ်းတင်ထားသည်။ ပျူမြို့ဟောင်းများသည် တန်ဖိုးမဖြတ်နိုင်သည့် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များဖြစ်၍ ရှေးဟောင်းအမွေအနှစ်ဧရိယာအတွင်းရှိ အဆောက်အအုံများ၊ ရှေးဟောင်းလက်ရာ၊ ပစ္စည်းများအား ထိခိုက်ပျက်စီးမှုမရှိစေဘဲ ရှေးမူလက်ရာမပျက် အဓွန့်ရှည်စွာ တည်ရှိနေစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ရှေးဟောင်းမြို့ပြများ တည်ရှိနေခြင်းသည် နိုင်ငံအတွက် ထူးကဲသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်မပျက် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်း အပ်ပါကြောင်း။ ။