Skip to main content

ပြည်သူ့ကျန်းမာရေး ရလဒ်ကောင်းများဆောင်ကြဉ်း

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဆင့် မရောက်သေးသော်လည်း ပြည်သူလူထု ကျန်းမာရေးအဆင့်မြင့်မားစေရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသည်။ ရောဂါကာကွယ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ ကျန်းမာရေးဆိုင်ရာ သုတေသန ပြုလုပ်ရေးတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများ ရရှိနေပြီး နိုင်ငံနှင့်ပြည်သူကို အကျိုးပြုလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိပြီးနောက် ဆေးသုတေသနဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇ အစီအစဉ်တစ်ခုလုံးကို လေ့လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှု အဆင့်ဆင့်ကိုလည်း စဉ်ဆက်မပြတ် စောင့်ကြပ်စစ်ဆေး မှတ်တမ်းတင်နိုင်ခဲ့သည်ကို တွေ့ရသည်။ ယခု နောက်ဆုံးပေါ်ပေါက်လာသော ကိုဗစ်- ၁၉ မျိုးဗီဇပြောင်း မျိုးကွဲအိုမီခရွန်နှင့် ပတ်သက်၍လည်း ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနိုင်ရန် သုတေသနပညာရှင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အစဉ်အလာကြီးမားသော မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာကို အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုးတက်မှုများ ရရှိနေပြီဖြစ်သည်။ သုတေသနပြုလုပ် တွေ့ရှိချက်များအရ တိကျခိုင်မာသော အချက်အလက်များ ပေါ်ထွက်လာလျှင် တိုင်းရင်းဆေးပညာဖြင့် ကိုဗစ်-၁၉ ရောဂါကို ကျယ်ကျယ်ပြန့်ပြန့် လွယ်လွယ်ကူကူ ကုသနိုင်မည် ဖြစ်သည့်အတွက် ပြည်သူလူထု ကူးစက်ရောဂါကာကွယ်မှုတွင် များစွာအကျိုးရှိ ထိရောက်မှု ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် ဆေးသုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ဆေးသုတေသန နှစ် (၅၀) ပြည့် ရွှေရတုကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ဖြတ်သန်းခဲ့သော ရွှေရတုကာလအတွင်း အောင်မြင်မှုမှတ်တိုင်များ အမြောက်အမြား စိုက်ထူခဲ့ရာ ကျန်းမာရေးဆိုင်ရာ သုတေသနပေါင်း တစ်သောင်းကျော် မှတ်တမ်းတင်နိုင်ခဲ့သည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သုတေသီပညာရှင်များ၏ အောင်မြင်မှုရလဒ်အဖြစ် ဆေးသုတေသနဦးစီးဌာနအား ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြုစင်တာအဖြစ် ၂၀၁၃ ခုနှစ်တွင် အသိအမှတ်ပြုခဲ့သည်။

ဆေးသုတေသနဦးစီးဌာနသည် အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စက်မှုဝန်ကြီးဌာနအား နည်းပညာလွှဲပြောင်းပေးသည့် ကာလမှစ၍ အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေးကို ၁၉၉၆ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်ခဲ့သည်။ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးတွင် အင်းစိန်ဆေးဝါးစက်ရုံသည် အစဉ်အလာအားဖြင့် ထင်ရှားခဲ့ပြီး အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

“သုတေသနပြုလုပ်ခြင်းဟာ ရလဒ်ကောင်းများ ရရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်လို့ တွေ့ရှိချက်များအပေါ်မှာ အခြေခံပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားကျန်းမာရေး ကဏ္ဍမြင့်မားရေးမှာ ကျန်းမာရေးနဲ့ နှီးနွှယ်တဲ့ ပုဂ္ဂိုလ်အားလုံးက ကိုယ့်တိုင်းပြည်အတွက် ပြုလုပ်ခြင်းဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြိမ် (၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄၂ ခန့်သာရှိသဖြင့် မျှော်မှန်းသက်တမ်း မြင့်မားလာအောင် ဆေးသုတေသနပညာရပ်များဖြင့် ရှာဖွေဖော်ထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှု ရလဒ်အတွေ့အကြုံများအရ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မြင့်မားတိုးတက်လာစေရန်နှင့် ပြည်သူလူထု တစ်ဦးချင်းစီအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်လာနိုင်ရန် ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်က ဆေးသုတေသနလုပ်ငန်းများကို ဆက်လက်မြင့်တင် အားပေးသွားမည်ဖြစ်ရာ ပေါ်ထွက်လာသည့် ရလဒ်ကောင်းများမှတစ်ဆင့် ပြည်သူလူထု ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။