Skip to main content

မန္တလေးမြို့မှ မြန်မာ့ရိုးရာရွှေထီးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ

မန္တလေး ဇန်နဝါရီ ၅

မန္တလေးမြို့တွင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးနှင့်အတူ အခြားလက်မှုလုပ်ငန်းများကို တွင်ကျယ်စွာပြုလုပ်ပြီး ဒေသအနှံ့ ဖြန့်ချိပေးလျက်ရှိသည်။မြန်မာ့ရိုးရာ ရွှေထီးလုပ်ငန်းလုပ်ကိုင်သူများမှာလည်း တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။ ရွှေထီးလုပ်ငန်းလုပ်ကိုင်သူများမှာ ကိုယ်ပိုင် လက်မှုလုပ်ငန်းများဖြစ်ပြီး ဝါးဖြင့်ပြုလုပ်သော လုပ်ငန်းပင်ဖြစ်သည်။ ရွှေထီးများကို မဟာမုနိဘုရားကြီးအနီးတစ်ဝိုက်ရှိ ရပ်ကွက်များနှင့် ပုသိမ် ကြီးမြို့နယ် ကလိမ်ရွာတွင် အများဆုံးပြုလုပ်သည်။

မြန်မာ့ရိုးရာ ရွှေထီးပြုလုပ်ရန်အတွက် တင်းဝါးများ ကို အသုံးပြုရသည်။ ထီးပြုလုပ်ရန်အတွက် တင်းဝါး အရှည်ကို ဝယ်ယူပြုလုပ်ခြင်းထက် ဝါးနှင့် ထရံဆိုင်များမှ ပယ်သားအတိုကို အပုံပြတ်ဝယ်ယူကာ လုပ်ကိုင်မှုများပြားသည်။ ဝယ်ယူပြီးသော ဝါးများကို လိုအပ်သည့် ပေအတိုင်း အတာများရစေရန် ဖြတ်ပေးရသည်။ အများစုမှာ ထီး အရွယ်အစားအလိုက် ၁၄ လက်မ၊ ၁၅ လက်မ၊ ၁၆ လက်မမှ ၁၈ လက်မအထိ တိုင်းတာကာ ဖြတ်ကြရသည်။ ဝါးကို ဖြတ်ပြီးသည်နှင့် ဓားဖြင့်ခြမ်းကာ ထီးအလက် နှင့် ဒေါက် စိပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြရသည်။ ထီးအလက်နှင့် ဒေါက်များရရှိသည်နှင့် အပေါ်မှ ဝါးကျောများကို ဖယ်ထုတ် ပစ်ကြရသည်။ ဝါးကျောပါဝင်နေပါက ကော်မစွဲသည့်အတွက် ဝါးကျောဖယ် ထုတ်ရခြင်းပင်ဖြစ်သည်။

လုပ်ငန်းပိုင်းနှစ်ပိုင်း ပြုလုပ်ရ

ထိုအလက်နှင့် ဒေါက်များကို သရော်သား၊ လက်ပံ သားဖြင့် ပြုလုပ်ထားသည့် ထီးခေါင်းနှင့် အောက်ခံအချာတွင် ဒေါက်ပေါက်အလက်ပေါက်များ ဖောက်ကာ ချိတ်ဆက်ပေး ကြရသည်။ အများစုမှာ ၃၆ လက် ၃၆ ပေါက်ပါရှိသည်။ ဒေါက်များ၊ အလက်များ တပ်ဆင်ပြီးပါက အပ်ချည်ကြိုးဖြင့် သီကြရသည်။ အပ်ချည်ဖြင့် သီဖွဲ့ရာတွင် ငါးချောင်းခြားကာ နှစ်ချောင်းပူးအနေအထားဖြင့် သီဖွဲ့ကာ ရက်လုပ်ကြရသည်။ ဒေါက်အထိုင်နှင့် အချာများကိုလည်း ကြိုးများဖြင့် ရစ်ပတ် ကာ ရက်လုပ်ကြရသည်။ မြန်မာ့ရိုးရာ ရွှေထီးပြုလုပ်ရာတွင် အကြမ်းထည် ပြုလုပ်ခြင်းနှင့် အနက်ထည်ပြုလုပ်ခြင်း ဆိုသော လုပ်ငန်းပိုင်းနှစ်ပိုင်း ပြုလုပ်ရသည်။

တစ်နေ့လျှင် ထီးအလက် ၂၀ ကျော် ပြီး

လက်ရှိကာလတွင် မြန်မာ့ရိုးရာ ရွှေထီးအကြမ်းထည် လုပ်ကိုင်သူတစ်ဦး တစ်နေ့လျှင် ထီးအလက် ၂၀ ကျော် ပြီးသည်။ အကြမ်းထည်ရွှေထီးတစ်လက်လျှင် ငွေကျပ် ၉၀ဝ ဖြင့် ဖောက်သည်ပေးကြရသည်။ အကြမ်းထည်သမား များက အနက်ထည်နှင့် ရွှေထီးများပြုလုပ်ကာ ရွှေချပြီး ပြန်လည်ရောင်းချရသည်။ လက်ရှိကာလ မန္တလေးမြို့တွင် မြန်မာ့ရိုးရာ ရွှေထီးအကြမ်းထည် ပြုလုပ်သူများ တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း ရွှေထီး ပြုလုပ်သူ ကိုမင်းကြိုင်ထံမှ သိရသည်။

နွေနဒီ(မြစ်ငယ်)