ရန်ကုန် မတ် ၆
မြန်မာရုပ်ရှင်နှစ်တစ်ရာပြည့် အထိမ်း အမှတ်အနေဖြင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ ဆူးလေဘုရား လမ်းရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကား ထိန်းသိမ်းရေး လုပ်ငန်းတွင် ပါဝင်ခဲ့သူများနှင့် မိတ်ဆက်ပေးပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းထားသော ဂျပန့်ရင်သွေး ရုပ်ရှင်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး အိချီရော့ မာရူ ယားမားနှင့် ဂျပန်နိုင်ငံ အမျိုးသား ရုပ်ရှင်မော်ကွန်းတိုက် ညွှန်ကြားရေးမှူး Mr. Okajima Hisahi တို့က ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့က လက်ခံယူသည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင် ရုပ်ရှင်ပွဲတော် ပထမနေ့အဖြစ် ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကားအား ပြသရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် သံရုံး တာဝန်ရှိသူများ၊ Agency for Cultural Affairs မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှု အားပေးကြသည်။
အဆိုပါရုပ်ရှင်ပွဲတော်ကို မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ဂျပန် အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်သော Agency for Cultural Affairs တို့၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကို ယနေ့မှစ၍ မတ် ၈ ရက် အထိ သုံးရက်ကြာကျင်းပသွားမည် ဖြစ်သည်။
ပွဲတော် ပထမနေ့ (မတ် ၆ ရက်) ညနေ ၆ နာရီခွဲတွင် ဂျပန်နှင့်မြန်မာ ပူးပေါင်းဖန်တီးထားသည့် ပထမဆုံး သော ဂျပန်၊ မြန်မာရုပ်ရှင် ‘‘ဂျပန့် ရင်သွေး” ရုပ်ရှင်ဇာတ်ကားကို ပြသ ခဲ့ပြီး မတ် ၇ ရက်နှင့် ၈ ရက်တို့တွင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာ များဖြင့် ပြုပြင်ထိန်းသိမ်းထားသည့် ၁၉၅၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း ရိုက်ကူးခဲ့သော ဂျပန်နိုင်ငံကိုယ်စားပြု ဂျပန် ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားများ ဖြစ်သည့် My Neighbor Totoro၊ Godzilla၊ Rashomon၊ Tora-san, The Lovable Tramp၊ Tokyo Story တို့နှင့်အတူ ဂျပန့်ရင်သွေးရုပ်ရှင် ဇာတ်ကားအား ပြန်လည်ပြုပြင် ထိန်းသိမ်းသည့် လုပ်ငန်းစဉ် တစ်ခုလုံးကို ရိုက်ကူးတင်ပြမည့် မှတ်တမ်း ရုပ်ရှင်(ရိုက်ကူးဆဲ)တို့အား အခမဲ့ ပြသသွားမည်ဖြစ်သည်။
ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် အဆိုပါ ရုပ်ရှင်ဇာတ်ကားများ မပြသမီ တစ်နာရီကြိုတင်၍ ရုပ်ရှင် လက်မှတ်များကို ဦးရာလူစနစ်ဖြင့် ယင်းရုပ်ရှင်ရုံ၌ ထုတ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်