ယနေ့ကမ္ဘာပေါ်တွင် ထိပ်တန်းသတင်းတစ်ပုဒ်အဖြစ် ရုရှား-ယူကရိန်း စစ်ပွဲသတင်းကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ၂၁ ရာစုနှစ်၌ ကမ္ဘာတွင် ပထမဆုံးပေါ်ပေါက်လာသည့် စစ်ပွဲသတင်းကို သုံးသပ်ကြည့်ရမည်ဖြစ်သည်။ စစ်ပွဲဟူသည် ကောင်းမွန်သည့်ကိစ္စ မဟုတ်ပေ။ ဖြစ်လာနိုင်သည့် ပဋိပက္ခတို့ကို ရှောင်ရှားရန်အတွက် ငြိမ်းချမ်းစွာ အဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်သည်။
ပဋိပက္ခတို့သည် ဖြစ်ပြီးနောက် ချက်ချင်းရပ်ရန် လွယ်ကူလှသည့်အလုပ် မဟုတ်ပေ။ အကောင်းဆုံးမှာ ကာယကံရှင်များကိုယ်တိုင် ပဋိပက္ခဖြစ်မလာအောင် မူလကတည်းက ဆွေးနွေးညှိနှိုင်းအဖြေရှာ လုပ်ကိုင်သင့်ပေသည်။ အထူးသဖြင့် နိုင်ငံ့အရေး၊ ပြည်သူများအရေးနှင့် ပတ်သက်လျှင် ပို၍အလေးအနက်ထား ဆောင်ရွက်ရမည်ဖြစ်သည်။ အဖြစ်အပျက်တို့သည် အကြောင်းမဲ့ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ အကြောင်းကြောင့် အကျိုးဖြစ်လာရသည်ချည်း ဖြစ်သည်။ မဖြစ်မီက နောက်ခံအကြောင်းတရား၊ ဖြစ်နေစဉ် အကြောင်းတရား၊ ဖြစ်ပြီးဖြစ်လာမည့် အကြောင်းများကို စဉ်းစားဆင်ခြင်နိုင်ရန် လိုအပ်ပေသည်။
အဖြစ်အပျက်တို့ကို မြင်အောင်ကြည့်ပြီး သင်ခန်းစာယူနိုင်လျှင် မျက်မှောက်ကာလနှင့် အနာဂတ်အတွက် ကောင်းသောအဖြေကို ထုတ်နိုင်ပေသည်။ ယနေ့ ရုရှား-ယူကရိန်း နိုင်ငံတို့သည် အတိတ်တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုအတွင်းမှ မိသားစုဝင်များ ဖြစ်ကြသည်။ စစ်အေးကာလတွင် စစ်ပွဲများနှင့်မစတင်ဘဲ ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည့်အဖြစ်ကို သိရှိဖို့လိုအပ်ပါသည်။ မကြာသေးမီက ယူကရိန်းနယ်မြေထဲမှ ဒွန်ညက်စ်နှင့် လူဟန့်စ်ခ်ဒေသများ သီးခြားနိုင်ငံ ခွဲထွက်လိုက်ခြင်းလည်း ပါဝင်ပေသည်။ ထို့အပြင် စစ်အေးကာလက ပြိုင်ဘက်အနောက်အုပ်စုနှင့် နီးကပ်မှုနှင့် အနောက်အုပ်စု စစ်စာချုပ်အဖွဲ့ဝင် ဖြစ်မည့်အရေးလည်း ပါဝင်ပေသည်။
စစ်ပွဲသည် လူအများသေကျေ ပျက်စီးထိခိုက်သောကိစ္စဖြစ်၍ စစ်ပွဲမဖြစ်ရေး ရှောင်ရှားရမည် မှန်သော်လည်း ဖြစ်ပေါ်လာရသည့် နောက်ခံသမိုင်းကြောင်းများကိုလည်း ဆင်ခြင်နိုင်ရန် လိုအပ်ပါသည်။ လက်ရှိတွင် စတင်တိုက်ခိုက်သူကို အပြစ်တင်မည်ဆိုသော်လည်း နောက်ခံအကြောင်းတရားများနှင့် နောက်ကွယ်မှကိစ္စများကိုလည်း သိရှိဖို့လိုပါသည်။ မိသားစုဝင်များ ပြိုကွဲစေမှု၊ ပြိုကွဲသွားသော မိသားစုဝင်အတွင်း ပြင်ပပယောဂ ဝင်ရောက်လာမှုတို့သည် ယနေ့ကမ္ဘာတွင် အရေးကြီးသော အချက်များအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ကမ္ဘာတစ်ခွင် မငြိမ်းချမ်းမှုကို ဆောင်ကြဉ်းနေသော အခြေအနေများကို လေ့လာကြည့်သင့်ပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခအပေါ်တွင် သူမှန်သည်။ သူမှားသည် အငြင်းပွား အပြစ်တင်နေ၍ ငြိမ်းချမ်းသွားမည် မဟုတ်ပေ။ နိုင်ငံအချင်းအချင်း အပြုသဘောဆောင် အကောင်းမြင်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံများ စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုနိုင်ငံများ မပြိုကွဲရေး၊ နိုင်ငံပြိုကွဲအောင် ဖန်တီးလုပ်ဆောင်မှုများ မပြုလုပ်နိုင်ရေးတို့ အထူးလိုအပ်နေပေသည်။ မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံများအနေဖြင့် စည်းလုံးမှု အားနည်းလာမှု၊ သဘောကွဲလွဲမှုများ ရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ အကြောင်းရင်းမှာ နိုင်ငံများအကြား အင်အားသာလွန် စွက်ဖက်မှုကို မလွန်ဆန်နိုင်သဖြင့် အချင်းချင်းသဘောကွဲလွဲပြီး ပဋိပက္ခအဆင့်အထိ ဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ပထဝီဝင်နိုင်ငံရေးအခြေအနေ မည်သို့ပင်ရှိသော်လည်း ပြည်ထောင်စုအရေး၊ အိမ်နီးချင်းအရေးမှာ အရေးအကြီးဆုံးဖြစ်သည်ကို ရုရှား-ယူကရိန်း ပဋိပက္ခက မီးမောင်းထိုးပြထားသည်ကို သတိပြုရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုပြိုကွဲနိုင်သည့် အဖြစ်များကို အထူးသတိပြုရမည်ဖြစ်သည်။ မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများ စုပေါင်းနေထိုင်ကြသော မြန်မာနိုင်ငံတွင် စည်းလုံးညီညွတ်ရေးသည် အသက်တမျှ အရေးအကြီးဆုံးဖြစ်သည်။ ဘေးပယောဂအမျိုးမျိုးတို့ကြောင့် အချင်းချင်း သွေးကွဲခဲ့ကြရပြီး ပဋိပက္ခများနှင့် ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အလေးအနက်ထားကာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။
ပြည်ထောင်စုပြိုကွဲပါက ဖြစ်ပေါ်လာသော အကျိုးရလဒ်များသည် ပဋိပက္ခများသာဖြစ်သည်။ ပဋိပက္ခများကို ရှောင်ရှားနိုင်ရန်အတွက် ငြိမ်းချမ်းစွာ အဖြေရှာရမည် ဖြစ်သည်။ ပြင်ပဘေးပယောဂ သွေးထိုးမှုတို့ကို လက်မခံဘဲ အချင်းချင်းသင့်မြတ်အောင် မလုပ်ကိုင်က ပဋိပက္ခများနှင့်သာ ရင်ဆိုင်ရပြီး ဒုက္ခဆိုးကျိုးများနှင့် ကြုံတွေ့ရသည်ကို မျက်မှောက်အဖြစ်အပျက်များက သက်သေပြနေပါသည်။ သို့ဖြစ်ရာ ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို သင်ခန်းစာထုတ်ဖော်ပြီး မိသားစုအချင်းချင်း သင့်မြတ်အောင်နေထိုင်၍ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။