တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဌာန ဆိုင်ရာအဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှုသတင်းများနှင့် ပတ်သက်၍လည်းကောင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရန် တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့ကို တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးကြေညာလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီသည် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာတွင် သတင်းများရရှိရေးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ အကျင့်ပျက်မှုများကိုပါ ဖော်ထုတ်နိုင်ရေးတို့ အတွက် ယင်းကဲ့သို့ ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းပင်ဖြစ်သည်။
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ မဆုံးရှုံးစေရေး၊ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင် စွမ်းမြှင့်တင်ပေးရေး၊ စားသုံးသူပြည်သူလူထု အန္တရာယ် ကင်းရှင်းစေရေး၊ အမျိုးသားလုံခြုံရေးနှင့် ကျန်းမာရေးတို့ကို ဦးတည်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၈၄ နိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများကို တားဆီးနေမှုနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံ မဟာ မိတ်အဖွဲ့ (TRACIT)က ကမ္ဘာလုံးချီတရားမဝင်ကုန်သွယ်မှု ကိန်းညွှန်း မြန်မာနိုင်ငံအစီရင်ခံစာတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားလျက် ရှိသည့် တရားမဝင်ကုန်သွယ်မှုများသည် တိုင်းပြည်၏ စီးပွားရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်သာမက ဒေသတွင်းနှင့် ပေါင်းစည်းဆက်သွယ်ရေးကိုလည်း သိသိသာသာ စိန်ခေါ်လျက်ရှိသည်။ ယင်းအပြင် မြန်မာ့သဘာဝ ပတ်ဝန်းကျင်ကြံ့ခိုင်မှု (ဥပမာ-တရားမဝင်သစ်ခုတ်ခြင်း)နှင့် စားသုံးသူများဘေးကင်းရေး (အရက်တရားမဝင်ကုန်သွယ်မှု)၊ ကျန်းမာရေး အပေါ်တွင်လည်း ကြီးစွာ သော အန္တရာယ်ပေးလျက်ရှိသည်ဟူ၍ သုံးသပ်ခဲ့သည်။
တရားမဝင်ကုန်စည်များ မြန်မာနိုင်ငံအတွင်းသို့ဝင်လာခြင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် အခြားဒေသများသို့ ဖြတ်ကျော်သွား ခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြစ်ဒဏ်ပေးမှု နည်းပါးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ စောင့်ကြည့်မှုနှင့် အကျင့်ပျက်မှုကို စောင့်ကြည့်သည့် လုပ်ဆောင်ချက်များ အားနည်းခြင်းတို့က မြန်မာနိုင်ငံအတွင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး မူဝါဒများ အကောင်အထည်ဖော်ရေးကို နှောင့်နှေးစေကြောင်းဖြင့်လည်း ဖော်ပြထားသည်။ တရားမဝင် ကုန်သွယ်ခြင်းသည် နိုင်ငံတော်ကို ရော ပြည်သူလူထုကိုပါ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ ထိခိုက်ဆုံးရှုံးမှုဟုဆိုရာတွင် သာမန်မျှသာမဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို တားဆီးပိတ်ဆို့သွားစေသည့် အဆင့်၊ ပြည်သူလူထု အပေါ်တွင်လည်း ကျန်းမာရေးထိခိုက်စေမှု၊ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးစေမှုမှသည် ဆင်းရဲ နွမ်းပါးစေသည့် အဆင့်ထိ ထိခိုက်ဆုံးရှုံးမှုမျိုးကို ဆိုလိုသည်။
မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအကြား၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ တိုးတက်မှုများရှိသော်လည်း အားရကျေနပ် ဖွယ်မရှိသေးကြောင်းနှင့် လိုအပ်ချက်များရှိသေးကြောင်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားထား ရာ မြေပြင်တွင် ဆောင်ရွက်လျက်ရှိသည့် အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ အနေဖြင့် ထိရောက်စွာဆောင်ရွက်ရေး၊ မိမိတို့၏ ဝန်ထမ်းများနှင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ ပတ်သက်ဆက်နွယ်မှု မရှိအောင် အလေးထား၍ ကြီးကြပ် ကွပ်ကဲရေးတို့ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် သတင်းရယူဖော်ထုတ်ရာတွင်လည်း ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။