Skip to main content

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ် သနဝကျေးရွာ ကိုယ်ထူကိုယ်ထ ကျေးလက်မီးလင်းရေးဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

ပွင့်ဖြူ     မတ်      ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာအုပ်စု၊ သနဝကျေးရွာတွင် ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် ကျေးလက်မီးလင်းရေးဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ယာယီမဏ္ဍပ်၌ ကျင်းပရာ ကိုယ်ထူကိုယ်ထ ကျေးလက်မီးလင်းရေး  ထရန်စဖော်မာအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးသယံဇာတ ၊ သဘာဝပတ်ဝန်းကျင် ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ယာယီမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက နိုင်ငံတော်အစိုးသစ်လက်ထက် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးလွှမ်းခြုံနိုင်ရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် လျှပ်စစ်မီးအား ရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က မကွေးတိုင်းဒေသကြီး အတွင်း ကျေးလက်နေပြည်သူများ လျှပ်စစ်မီးရယူသုံးစွဲနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ၊ လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် လျှပ်စစ်အန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဓာတ်အားချွေတာသုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ကျေးရွာနေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးလက် မီးလင်းရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးရွာနေ ပြည်သူများကိုယ်စား သနဝကျေးရွာ ရွာခွဲတာဝန်ခံ ဦးကျော်မျိုးဝင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် သနဝကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နိုင် ရေး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၃၂၇ သိန်း မတည်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်း ရန်ပုံငွေ သိန်း ၁၀၀ ထည့်ဝင်၍ စုစုပေါင်း ငွေကျပ် ၄၂၇ သိန်းဖြင့် ကျေးရွာနေပြည်သူများ လျှပ်စစ်မီး အသုံးပြုနိုင်ရေး ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာအုပ်စု ၊ သနဝကျေးရွာတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျေးရွာလျှပ်စစ် မီးလင်းရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ရာ ကျေးရွာရှိ အိမ်ခြေ ၁၈၅ အိမ်မှ လူဦးရေ ၇၇၂ ဦး အား ၂၄ နာရီ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိစေမည့်အပြင် ကျေးရွာ၏ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ အကျိုးပြုပေးနိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေ ကြကြောင်း အဆိုပါ သနဝကျေးရွာ ရွာခွဲတာဝန်ခံ ဦးကျော်မျိုးဝင်း က ပြောပြ၍ သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )