၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော ဓာတ်အားပြတ်တောက်မှုများကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ပြည်သူများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရင်ဆိုင်ဖြေရှင်းနေရသည့် အခက်အခဲများအပေါ် သိရှိနားလည်စွာဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြသည်နှင့်အမျှ လာမည့်ရှစ်နှစ်တာကာလတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများအားလုံး ဓာတ်အားသုံးစွဲခွင့်ရရှိရေးသည် မစားရ၀ခမန်း အပြောသက်သက်မျှသာ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ပေါ်လာမည်ဖြစ်သည်။
မိမိတို့နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံများက အဓိကထုတ်လုပ်ပေးနေခြင်းဖြစ်ပြီး ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေအားတို့ကမူ ရာခိုင်နှုန်းအနည်း ငယ်မျှသာ ထုတ်လုပ် လျက်ရှိသည်။ ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှာ သဘာဝအားဖြင့် ရေလှောင်တမံအတွင်းသို့ ရေဝင်ရောက်မှုနည်းပါးလာသည့် ခြောက်သွေ့ရာသီများတွင် ဓာတ်အားထုတ်လုပ်မှုနှင့် စိုက်ပျိုးရေပေးဝေမှုတို့ကို ထိန်းညှိဆောင်ရွက်ကြရသည်။ သဘာဝဓာတ်ငွေ့ဓာတ်အား ပေးစက်ရုံများမှာလည်း ရေရှည်တွင် ကုန်ခန်းသွားနိုင်သည့် အကန့်အသတ်ရှိသော သယံဇာတဖြစ်သည့်အပြင် ပြည်ပမှတင်သွင်းသည့် ဓာတ်ငွေ့ LNG to Power မှာလည်း ဈေးနှုန်းအတက်အကျပေါ်တွင် မူတည်နေသည်။
လက်ရှိဖြစ်ပေါ်နေသည့် ဓာတ်အားပြတ်တောက်မှုများတွင် ပြည်ပမှတင်သွင်းသည့် LNG များ ဈေးနှုန်းလေးဆခန့် မြင့်တက်နေမှု၊ ဘီလူးချောင်း ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်သည့် ဓာတ်အားလိုင်းသုံးလိုင်း အကြိမ်ကြိမ် ဖောက်ခွဲဖျက်ဆီးခံရမှုတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း မဂ္ဂါဝပ် ၉၇၀ ခန့်လျော့ နည်းသွားရာမှအလှည့်ကျဓာတ်အားပေးရခြင်း ဖြစ်ပေါ်လာရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများ လည်ပတ်ထုတ်လုပ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရွှေသဘာဝဓာတ်ငွေ့ကမ်းလွန်စီမံကိန်း တွင်းသစ်နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များ ရယူရန်အတွက် ရေအောက် ပိုက်လိုင်းဆက်သွယ်မှုကို မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်တိတိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းကာလအတွင်း အလှည့်ကျဓာတ်အားပေးမှု ပိုမို၍ လျော့နည်းသွားမည်ဖြစ်ရာ အချို့နေရာများတွင် ၂၄ နရီ ဓာတ်အားပြတ်တောက်မှုတို့ ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် တစ်ပတ်တာကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရမည့် ဓာတ်အားပြတ်တောက်မှု အခြေအနေကို သတင်းထုတ်ပြန်ချက်အရ ကြိုတင်သိရှိပြီးဖြစ်ရာ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ပိုမိုကောင်းမွန်လာမည့် အခြေအနေအတွက် တစ်ပတ်မျှ နားလည် သည်းခံကြရန် လိုအပ်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အိုမီခရွန်ကြောင့် ကူးစက်ပျံ့နှံ့မှုရာခိုင်နှုန်း ပြန်တက်လာ နေသည့် အခြေအနေ၊ ဆေးကုသရေးနှင့် ဆေးဝါးများသိုလှောင်မှု၊ အောက်ဆီဂျင်ထုတ်လုပ်မှုတို့အတွက် ၂၄ နာရီ ဓာတ်အားလိုအပ်ချက်များ၊ နိုင်ငံစီးပွားရေးအတွက် အရေးကြီးသည့် ကုန်ထုတ်လုပ်ငန်းများရှိရာ စက်မှုဇုန်များလည်ပတ်နိုင်ရန်ဓာတ်အားလိုအပ်ချက်များ၊ လက်ရှိဖြစ်ပေါ် နေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုအခြေအနေများကို ချင့်ချိန်တွက်ချက်ကာ ရန်ကုန်ကဲ့သို့သော လူဦးရေထူထပ်သည့် စီးပွားရေး အချက်အချာမြို့တော်အတွက် တစ်ပတ်တာ ယာယီဓာတ်အားပေးနိုင်ရန် သက်ဆိုင်ရာတို့က စုပေါင်းဆွေးနွေးအဖြေရှာကူညီကာ ဆောင်ရွက် ကြခြင်းဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရေအောက်ပိုက်လိုင်းဆက်သွယ်မှုလုပ်ငန်းကို ဖိအားကင်းကင်း အရည်အသွေးမြင့်မြင့်မားမား ဆောင်ရွက်သွားနိုင်မည်ဟု ရှုမြင်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်