မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် ပေါများပြီး ရေသယံဇာတ ကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ လူတစ်ဦးတစ်နေ့လျှင် ရေချိုရရှိမှု ၁၆၄ ကုဗပေအောက် လျော့နည်းနေပါက ရေချိုရှားပါးမှု ခံစားနေ -ရခြင်းဖြစ်သည်ဟုဆိုရာ မြန်မာ့အိမ်နီးချင်းဖြစ်သော ထိုင်းက ၃၂၀ ကုဗပေ၊ အိန္ဒိယက ၁၅၆ ကုဗပေ ရရှိနေပြီး မြန်မာက ၁၀၃၂ ကုဗပေရရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ခြောက်သွေ့ရာသီ သို့ ရောက်ရှိလာပြီး နေ့အပူချိန်များ မြင့်မားလာသည်နှင့်အမျှ သောက်သုံးရေ ရှားပါးခက်ခဲမှုများကို မြန်မာနိုင်ငံ ဒေသအများ အပြားတွင် ကြုံတွေ့ကြရသည်။ ။
ယင်းအနက် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် နေထိုင်ကြပြီး စီးပွားရေးအချက်အချာ မြို့တော်ဖြစ်သည့် ရန်ကုန်၏ သောက်သုံးရေရရှိသုံးစွဲမှုနှင့် ပြုန်းတီးမှုအခြေအနေတို့မှာ ဂရုပြုဖွယ်ရာဖြစ်သည်။ ရန်ကုန်မြို့တော်သို့ ရေပေးဝေရာတွင် မြို့၏ မြောက်ဘက်တွင် တည်ဆောက်ထားသည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် စသည့်ရေလှောင်ကန်ကြီးများမှ ရေချိုကို နေ့စဉ်ဂါလန်ပေါင်း ၁၈၅ သန်းခန့်နှင့် ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးဒေသများတွင် တူးဖော်ထားသည့် မြို့တော်စည်ပင်ပိုင် အဝီစိတွင်းပေါင်း ၅၀၀ ကျော်တို့မှ ရေဂါလန်သန်း ၂၀ ခန့် တို့ကို ဖြန့်ဝေပေးနေခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ရန်ကုန်မြို့တွင် ဖြန့်ဝေပေးနေသည့် ရေဂါလန်စုစုပေါင်း ၂၀၅ သန်းအနက်သန်း ၁၂၀ သာ သုံးစွဲသူထံ ရောက်ရှိပြီး ၈၅ သန်းမှာ ရေပိုက်များပျက်စီးခြင်း၊ ခိုးယူသုံးစွဲ ခြင်း စသည်တို့ကြောင့် လေလွင့်ပျောက်ဆုံးသွားသည်ဟု ဆိုသည်။ လက်ရှိရေဖြန့်ဝေနိုင်မှုသည် လိုအပ်ချက်၏ ၆၀ ရာခိုင် နှုန်းခန့်သာရှိနေရာ ရန်ကုန်လူဦးရေအားလုံးအတွက် ရာခိုင်နှုန်း ပြည့် ရေလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်မှာ ရေအလေအလွင့် မရှိရန်၊ စည်းကမ်းတကျသုံးစွဲရန်နှင့် အခွန်တာဝန် ကျေပွန်ကြရန် လွန်စွာအရေးကြီးသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့်မြစ်ကြီးများနှင့် ရေချိုမြစ်ချောင်းအင်းအိုင် ပေါများစွာ ရှိသည်။ သို့ရာတွင် အဆိုပါရေချိုသယံဇာတများကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရှိနားလည်မှုနှင့် လက်တွေ့ ထိန်းသိမ်းစောင့်ရှောက်မှုတို့ လွန်စွာနည်းပါးနေသည်။ ရွှေ၊ သတ္တု၊ ကျောက်မျက် စသည်တို့ တူးဖော်ထုတ်ယူမှုများ၊ ကျောက်စရစ်နှင့် သဲထုတ်ယူမှုများ စသည်တို့ကြောင့် မြစ်ချောင်း များ ရေစီးရေလာ ပိတ်ဆို့ပျက်စီးခြင်း၊ သောက်သုံးရေ မရရှိနိုင်တော့ခြင်း၊ မာကျူရီ၊ ဆိုင်ယာနိုက် အစရှိသည့် ဓာတုပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ စက်မှုဇုန်များမှ ရေဆိုးများ စွန့်ထုတ် ခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း စသည်တို့ကြောင့် မြစ်ချောင်း အင်းအိုင် ရေချိသယံဇာတများ မဆုံးရှုံးစေရန် လူတစ်ဦးချင်း အသိပညာပေးမှုမှ စတင်ကာ မြို့ရွာများ၊ ဒေသများ အလိုက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြမှသာ ရေရှည်တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် သောကရောက်ရသည့် ဘေးမှ ကင်းဝေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေချိုထုတ်ယူရရှိနိုင်မှုမှာ ကမ္ဘာ့အဆင့်(၈) တွင် ရှိနေပြီး မြို့တွင်နေသူတို့က တစ်နေ့လျှင် ရေဂါလန် ၃၀ ခန့်နှင့် ကျေးလက်တွင် နေသူတို့က တစ်နေ့လျှင် ရေ ၁၅ ဂါလန် ခန့် သုံးစွဲနေကြသည်ဟု လေ့လာသူတို့က ဆိုသည်။ မိမိအိမ်တွင် ရေပိုက်ခေါင်းကို ဖွင့်ရုံမျှနှင့် ရေရနေသူများမှာ ကုသိုလ်ထူး သူများပင်ဖြစ်ရာ အဖိုးတန်လှသည့် ရေကို အလေအလွင့်မရှိရေး စနစ်တကျသုံးစွဲရန်နှင့် ခြိုးခြံချွေတာသုံးစွဲကြရန် နှိုးဆော်အပ်ပါကြောင်း။ ။