မြန်မာ့တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သည်။ နယ်ချဲ့ကိုရော ဖက်ဆစ်ကိုပါတွန်းလှန် တိုက်ခိုက်ခဲ့ရာတွင် ခေါင်းဆောင်များမှသည် ရဲဘော်များအထိ နိုင်ငံနှင့် လူမျိုးတို့ လွတ်လပ်ရေးအတွက်ဟူသော စိတ်ကိုသာ တစ်စိတ်တည်း ထားရှိခဲ့ကြသည်။ လခဟူ၍ တစ်ပြားမှ မရ။ အဝတ်အစားလည်း ချို့တဲ့၊ ဆေးဝါးလည်း မလုံလောက်၊ အဝတ်အစားကို လက်နက်ခဲယမ်းမီးကျောက် မပြည့်စုံ။ အနားလည်း မရဘဲ အသက်နှင့်ခြေလက်အင်္ဂါတို့ပါ စွန့်လွှတ်၍ တိုက်ခိုက်ခဲ့ကြရခြင်း ဖြစ်သည်။ ဤသည်မှာ မြန်မာ့နိုင်ငံရေး သမိုင်းစဉ်တစ်လျှောက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍနှင့် မြန်မာ့တပ်မတော်တို့ တစ်ထပ်တည်း ဖြစ်နေခြင်း၏ နိဒါန်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် မြန်မာနိုင်ငံရေးစနစ်သည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ သို့ရာတွင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီးစကာလ ဒီမိုကရေစီနှင့်အတူ ဝါဒမျိုးစုံ၊ ရည်မှန်းချက်မျိုးစုံတို့ဖြင့် ရောင်စုံသူပုန်တို့ နိုင်ငံတစ်ဝန်းတွင် ထကြွသောင်းကျန်းကြသလို ပြည်ပကျူးကျော်မှုလည်း ပေါ်ပေါက်လာသည်။ နိုင်ငံ၏ မြို့တော်သည်ပင်လျှင် အချိန်မရွေး ကျဆုံးသွားနိုင်သည့် အခြေအနေအထိ ကျရောက်ခဲ့ပြီး ပြည်ပမီဒီယာတို့၏ သရော်ခြင်းကိုပင် ခံရသည့်အခြေအနေသို့ ရောက်ခဲ့သည်။ ယင်းမှသည် ပြည်ပ ပယောဂများနှင့်အတူ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမည့် အခြေအနေအထိ ရောက်ရှိသွားခဲ့ရာ မြန်မာ့တပ်မတော်သည် ပြည်တွင်းသောင်းကျန်းမှုနှင့် ပြည်ပကျူးကျော်မှုများကို ကာကွယ်နှိမ်နင်းမှု တာဝန်များကိုသာမက အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတာဝန်ကိုပါ မဖြစ်မနေ ထမ်းဆောင်ခဲ့ရသည်။ အကွဲကွဲအပြားပြား ဖြစ်နေခဲ့သည့် နိုင်ငံရေးအင်အားစုများကို စုစည်းကာ တစ်ခုတည်းသောပါတီကို တည်ဆောက်၍ ဆိုရှယ်လစ်စနစ်နှင့် စီမံကိန်းချစီးပွားရေးပုံစံကို ကျင့်သုံးခဲ့သည်။
လက်ရှိ မိမိတို့နိုင်ငံတွင် ကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီ စနစ်သည် ၁၉၈၈ ခုနှစ်တွင် ပြည်သူလူထု၏ တောင်းဆိုမှုများအပေါ် တပ်မတော်အစိုးရက ပုံဖော်တည်ဆောက် ပေးခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်အတွက် အခြေခံလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းအကောင်အထည် ဖော်ခဲ့ရသလို အမျိုးသားညီလာခံကို လူထုလူတန်းစားအလွှာပေါင်းစုံနှင့် တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံရေးအင်အားစုများဖြင့် ပါဝင်ကျင်းပခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အထွေထွေရွေးကောက်ပွဲများ ကျင်းပကာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရများလည်း ပေါ်ပေါက်လာသည်။
“မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လျှောက်လှမ်းခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သည် ပြည်သူများမှ ဆန္ဒမဲပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သဖြင့် မျက်ကွယ်ပြုနေ၍မရကြောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ဒီမိုကရေစီ အစိုးရသက်တမ်းများတွင် တပ်မတော်အနေဖြင့် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ အနိုင်ရပါတီ၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် မိမိအနေဖြင့် ဒီမိုကရေစီတွင် စည်းကမ်းတကျရှိရန်နှင့် တရားမျှတမှုရှိရန် အကြိမ်ကြိမ်တိုက်တွန်း ပြောကြားခဲ့ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့ရာ မျက်မှောက်ကာလ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် တပ်မတော်၏ အခန်းကဏ္ဍကို တွေ့မြင်နိုင်သည်။
ပါတီစုံဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံ့တာဝန် ထမ်းဆောင်ရမည့် အစိုးရများ ပေါ်ပေါက်လာမည်ဖြစ်ရာ စည်းကမ်းတကျ၊ တရားမျှတစွာ၊ ဥပဒေနှင့်ညီညွတ်စွာ ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ တပ်မတော်က ထမ်းဆောင်နေရသည့် တာဝန်များကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပြီး နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် တက်ညီလက်ညီ သယ်ပိုးထမ်းဆောင် သွားကြရမည်သာ ဖြစ်ပါကြောင်း။ ။