မျက်မှောက်ကာလတွင် ကမ္ဘာပေါ်၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများစွာတို့တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို လူသားအားလုံး အစဉ်အမြဲလိုလို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းအားထုတ်လျက်ရှိသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့ အရောက်လှမ်းရာ၌ ရာသီဥတုပြောင်းလဲမှုနှင့် ရင်ဆိုင်ကြုံတွေ့ရသော လူသားများ၏ မတူကွဲပြားမှုများသည် အရေးပါသော အနေအထားတွင် ရှိနေသည်။
ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်စွမ်းရှိမှုတွင် သက်ရှိသတ္တဝါများစွာတို့တွင် မျိုးနွယ်အလိုက် ခံနိုင်ရည်ရှိမှု မရှိမှု ကွဲပြားခြားနားကြသည်။ လူသားများအနေဖြင့် အပူ/ အအေးဒဏ်ကို ခံနိုင်ရည်ရှိကြသူများ ရှိသလို မခံနိုင်သော သူများလည်း ရှိကြပေသည်။ အချို့က အအေးကိုနှစ်သက်ပြီး အပူကို မနှစ်သက်သူရှိသလို အချို့က အပူကိုနှစ်သက်ပြီး အအေးကို မနှစ်သက်သူများလည်း ရှိပေသည်။ ယခုအခါ ကမ္ဘာကြီးတွင် ပုံမှန်ရာသီဥတု ဖြစ်ပေါ်ခြင်းမရှိတော့ဘဲ မူမမှန်၊ ဖောက်ပြန်သည့် ရာသီဥတုသာ အစဉ်ဖြစ်ပေါ်နေသည်ကို ကြုံတွေ့ခံစား မြင်တွေ့ကြရမည်ဖြစ်သည်။ မကြာသေးမီက အအေးလှိုင်းဖြတ်သည့် လာနီညာ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီးနောက် တစ်ဖန် အပူလှိုင်းဖြတ်သည့် အယ်နီညို ဖြစ်စဉ် ဖြစ်လာသောအခါ သတ္တဝါများတွင် ခံနိုင်ရည်ရှိမှု မရှိမှုအပေါ် မူတည်၍ ဝေဒနာအမျိုးမျိုး ခံစားကြရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကျား/မ ရေးရာအဆင့်အတန်း၊ ရွှေ့ပြောင်းမှု အခြေအနေ၊ အသက်အရွယ်၊ မသန်စွမ်းမှု အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်မှုကို အခြေခံကာ ထိခိုက်ခံစားရမှု မညီမျှမှုများ ဖြစ်ပေါ်လာသည်။ အမျိုးသားနှင့် အမျိုးသမီး၏ ကာယပိုင်းဆိုင်ရာ၌ အမျိုးသားများသည် ပင်ကိုအားဖြင့် ကြံ့ခိုင်မှု စွမ်းရည်၊ ခံနိုင်မှုအားရှိပြီး အမျိုးသမီးများကို အားနွဲ့သူများဟု ဆိုကြသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ခံစားမှုတွင် အမျိုးသားများထက် အမျိုးသမီးများသည် ပိုမိုခံစားကြရသည်။ အကြောင်းရင်းမှာ အမျိုးသမီးများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် အများဆုံး ထိခိုက်မှုဖြစ်စေသော သယံဇာတများအပေါ်တွင် ပိုမိုမှီခိုနေရပြီး ဆင်းရဲမှုကို ပိုမိုခံစားနေရသောကြောင့်ဖြစ်သည်။
သို့သော်လည်း အမျိုးသမီးများသည် ၎င်းတို့ပါဝင်ဆောင်ရွက်နေရသည့် လုပ်ငန်းသဘာဝအရ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအကြောင်းကို အမျိုးသားများထက် ဗဟုသုတ ကြွယ်ဝသူများဖြစ်ကြသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ လျော့ပါးသက်သာစေရေးနှင့် ရင်ဆိုင်တို့ပြန်ရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး အပြည့်အဝထိရောက်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးကြီးလာပေသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုမိုများပြားပြီး လူမှုစီးပွားနယ်ပယ် ကဏ္ဍများတွင် အမျိုးသမီးများသည် ပိုမိုကျယ်ပြန့်စွာ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သလို နိုင်ငံတော်အစိုးရက အမျိုးသမီးကဏ္ဍကို ပိုမိုဦးစားပေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ယခုအခါ အမျိုးသမီးများသည် စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တွင်သာမက နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဘက်တွင်ပါ အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ပါဝင်လုပ်ဆောင်နိုင်ခွင့် ရှိလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးပြီး ကွန်ဗင်းရှင်းပါ အချက်များကို အလေးထားအ ကောင်အထည်ဖော်လျက်ရှိသည်။ ကွန်ဗင်းရှင်း ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲပြီး ကျားမရေးရာ တန်းတူညီမျှမှုရှိရေး၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများကို ပေါင်းစပ်ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသည့် အင်အားတစ်ရပ်အဖြစ် ပါဝင်နေပြီး နိုင်ငံအတွက် တန်ဖိုးရှိသော လူသားအရင်းအမြစ်များအဖြစ် ပါဝင်ထမ်းဆောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးထု ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဂယက်ရိုက်ခတ်မှုများအား ကျော်လွှားနိုင်ရန်အတွက် အမျိုးသမီးများ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးရန် လိုအပ်ပေသည်။
သို့ဖြစ်ရာ အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်သည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေးနှင့် လျော့ပါးသက်သာရေး လုပ်ငန်းများအပါအဝင် ကဏ္ဍစုံတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးချနိုင်ရန်အတွက် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။