Skip to main content

မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပ

မန္တလေး ဇန်နဝါရီ ၅

မန္တလေးဒေသခံ မြို့မိမြို့ဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မန္တလေးသံစဉ်ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတ ပွဲတော်ကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ည ၇ နာရီ က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က မုဒိတာ စကားပြောကြားသည်။

ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုက မိမိတို့နိုင်ငံအတွက် မရှိမဖြစ် လိုအပ်နေသည့် ငြိမ်းချမ်းရေးအသိအမြင်ကို ယခုဂီတပွဲတော်မှတစ်ဆင့် ရင်ထဲနှလုံးသားထဲအထိတိုင်အောင် အရောက်တွန်းပို့နိုင် မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဂီတပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်က ပွဲတော်ကျင်းပသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် ဂီတပွဲတော်စတင်ကျင်းပရာ ဖျော်ဖြေရေး အဖွဲ့များက မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းစာသားအား အနှစ်သာရရှိစွာ ကြည့်ရှုနားဆင်ခံစားနိုင်စေရေးအတွက် နောက်ခံစကားပြောများ၊ မန္တလေး၏ ဂီတအနုပညာများယဉ်ကျေးမှုလက္ခဏာများနှင့်ပတ်သက်သည့် သမိုင်း မှတ်တမ်းများ၊ ငြိမ်းချမ်းခြင်းနှင့် မငြိမ်းချမ်းသည့် ကာလ များတွင် နေထိုင်ရသည့် ဘဝဖြစ်စဉ်များကို နောက်ခံ မှတ်တမ်းဓာတ်ပုံများဖြင့် တေးသရုပ်ဖော် တင်ဆက်ကပြ ဖျော်ဖြေခဲ့ကြသည်။

မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်တွင် ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး)မှ အနု ပညာရှင်အဖွဲ့များ၊ မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစု ၁၈ ဖွဲ့မှ အကအဖွဲ့များ၊ ကယားပြည်နယ်မှ တိုင်း ရင်းသားအဆိုရှင်များ၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ် များမှ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အသင်းအဖွဲ့များ၊ အဆိုရှင်များနှင့် ဂီတမိတ်ပညာ ရှင်များ စုစုပေါင်းအင်အား ၇၀၀ ကျော်ဖြင့် တီးခတ်သီဆို ကပြဖျော်ဖြေခဲ့ကြသည်။


အဆိုပါဂီတပွဲတော်သို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်၊ ကယန်းတိုင်းရင်းသားလူမျိုးစုအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ၊ ဂီတပွဲတော် ကျင်းပရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပြည်သူများတက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)