သထုံ မတ် ၈
၂၀၂၀ ပြည့်နှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ်လ ၈ ရက်၊ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ပြည်နယ်အဆင့် အနေဖြင့် စည်ကားစွာကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရောက်ရှိလာသူများက နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်တို့အား အလေးပြုကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့် (၇၁) နှစ် မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြု သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ဖတ်ကြားကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖတ်ကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပအိုဝ်းအမျိုးသားနေ့တွင် စာပေယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို စောင့်ရှောက်ထိန်းသိမ်းသည့် အစဉ်အလာကောင်း များကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်မိ ပါကြောင်း ယနေ့အချိန်အခါကာလသည် တိုင်းရင်းသားများ အားလုံး လိုလားတောင့်တနေကြသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်း နေသည့် အချိန်ကာလဖြစ်ပါကြောင်း လွတ်လပ်ရေးကိုအတူတကွ ရရှိခဲ့သော်လည်း စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်ခဲ့သောကြောင့် တိုင်းရင်းသားအချင်းချင်း သံသယစိတ်ဖြင့် ပဋိပက္ခများ နှစ်ရှည်ကြာ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံမှာ အဖက်ဖက်မှ နိမ့်ကျခဲ့ပါကြောင်း ၂၁ ရာစု ပင်လုံညီလာခံကျင်းပနေခြင်းသည် တိုင်းရင်းသားအားလုံး လိုလားနေသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရန်ဖြစ်ပါကြောင်း ပအိုဝ်းလူမျိုးများသည် ပဋိပက္ခများနှင့် ဝေးရာရှောင်ရှားပြီး တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် ရိုးသားစွာ နေထိုင်အသက်မွေးသူများ ဖြစ်ပါကြောင်း ပအိုဝ်းဒေသ စိုက်ပျိုးရေးထုတ်ကုန်များသည် ပြည်တွင်းစားသုံးမှု အတွက် များစွာအထောက်အကူဖြစ်နေပါကြောင်း ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာတွေမှာ ကြေးစည်သံတွေ ဝေစည်နေသလို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လမ်းရာ ခရီးလမ်းမပေါ်မှာလည်း ငြိမ်းချမ်းရေးတေးသံများ ယခုထက်မက ဝေစည်လာစေဖို့ ပအိုဝ်းတိုင်းရင်း သားများ အားလုံးကလည်း ဆက်လက်ပါဝင် ကြိုးပမ်းကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ကျင်းပရေးကော်မတီဝင်တစ်ဦးက ရှင်းလင်း ဖတ်ကြားပြီး ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီထံမှပေးပို့သည့် သဝဏ်လွှာ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)မှ ပေးပို့သည့် သဝဏ်လွှာ၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ပေးပို့သော သဝဏ်လွှာတို့ကို တာဝန်ရှိသူတို့က ဖတ်ကြားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့မှ တာဝန်ရှိသူများ၊ မွန်ကရင် ပအိုဝ်းတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)