Skip to main content

ကိုဗစ်-၁၉ ရောဂါကို တက်ညီလက်ညီ တုံ့ပြန်ကြိုးပမ်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကြုံတွေ့ရစဉ်က ကုသရေးပိုင်းဆိုင်ရာနှင့် အောက်ဆီဂျင်လိုအပ်ချက် စသည့်အခက်အခဲများကြောင့် ရောဂါကူးစက်ခံရသည့် ပြည်သူများကြား စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ကြုံခဲ့ရသည်။ သို့သော် နိုင်ငံတော်အစိုးရ၏ စီမံညွှန်ကြားဆောင်ရွက်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက် မှုများကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ တစ်နေ့တခြားကျဆင်းလာပြီး ရောဂါကူးစက်မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံအများအပြားတွင် ဆက်လက် ကူးစက်လျက်ရှိရာ စတုတ္ထလှိုင်းကို ထပ်မံကြုံတွေ့နေရသည်။ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွင်း မြန်မာနိုင်ငံ၌ ရောဂါကူးစက်ဖြစ်ပွားမှုမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ ရောဂါကူးစက်မှု သိသာစွာ မြင့်တက်လာခဲ့သည်။ ကိုဗစ် - ၁၉ စတုတ္ထလှိုင်း ဖြစ်ပွားမှုနှင့်ပတ်သက်၍ ထိုကာလအတွင်း ရောဂါကူးစက်မှုနှုန်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသဖြင့် နေ့စဉ် ရောဂါကူးစက်ခံရသူ ၃၀၀၀ ကျော်၊ ၄၀၀၀ ခန့်ဖြင့် ကူးစက်မှု ၁၀ ရာခိုင်နှုန်းအထက် ရောက်ရှိလာရာပြည်သူများမှာ စိုးရိမ်ပူပန်မှုဖြစ်လာကြသည်။

သို့သော် ရောဂါဖြစ်ပွားနှုန်းသည် ယခုမတ်လဆန်းမှစတင်၍ ရောဂါကူးစက်မှုနှုန်း ပြန်လည်ကျဆင်းလာသည်။ မတ်လ ၈ ရက်နေ့ညမှ မတ်လ ၉ ရက်နေ့ ညအထိ ရောဂါစစ်ဆေးတွေ့ရှိမှုထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာ ၁၃၀၁ ဦးရှိ၍ ပိုးတွေ့ရာခိုင်နှုန်း ၆ ဒသမ ၁၄ ရာခိုင်နှုန်းရှိသည်။ မတ်လ ၁၀ ရက် နေ့ညအထိ တစ်နေ့တာတွေ့ရှိထုတ်ပြန်မှုအရ ဓာတ်ခွဲအတည်ပြုလူနာ ၉၄၂ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်။ မတ်လ ၁၁ ရက်နေ့ည တစ်နေ့တာစစ်ဆေးတွေ့ရှိချက်အရ ဓာတ်ခွဲအတည်ပြု လူနာ ၉၅၆ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၉၃ ရာခိုင်နှုန်းရှိသည်။ ကိုဗစ်-၁၉ စတုတ္ထလှိုင်းတွင် မြန်မာ နိုင်ငံ၌ ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာရာမှ တစ်လအတွင်း ပြန်လည်ကျဆင်းသွားပြီး ရောဂါကြောင့် သေဆုံးမှုနှုန်းမှာလည်း သုည ဒသမ ၁ ဝန်းကျင်ခန့်ရှိ၍ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

ရောဂါဖြစ်ပွားမှုနှုန်းလျင်မြန်စွာ ကျဆင်းလာခြင်းနှင့် ရောဂါကြောင့်သေဆုံးမှု လျော့ကျလာခြင်းသည် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းမဖြစ်ပွားမီကတည်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ နိုင်ငံအတွင်း အသက် ၁၈ နှစ်အထက် ဦးတည်အုပ်စုများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ၆၀ ရာခိုင်နှုန်းကျော်ရရှိအောင် ဆောင်ရွက်ထားနိုင်ခြင်း၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ် အခြေခံပညာကျောင်းသား ကျောင်းသူ ၁ ဒသမ ၅ သန်းခန့်ကို ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ခဲ့ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ရာတွင် ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိလိုသည်များကို ၂၄ နာရီပတ်လုံး အချိန်ပြည့် ဖြေကြားပေးနိုင်သည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ထားရှိခြင်းတို့ကြောင့်ဖြစ်သည်။

ထို့အပြင် ရောဂါနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးနိုင်သည့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ခြင်း၊ ရောဂါဓာတ်ခွဲစစ်ဆေးရေးနှင့် ရောဂါကုသရေး အတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်အပါအဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများဖြည့်ဆည်းပေးနိုင်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၊ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုများကြောင့် အခြားနိုင်ငံများ၌ ရောဂါကူးစက်နှုန်း မြင့်မားနေချိန် တွင် မြန်မာနိုင်ငံ၌ ရောဂါကူးစက်နှုန်းကျဆင်းလာခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း၊ တတိယလှိုင်းကြောင့် ပြည်သူများ ထိခိုက်ခံစားခဲ့ရပြီး ကိုဗစ်-၁၉ တတိယလှိုင်းအပြီး စတုတ္ထလှိုင်းတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီမံမှု၊ ကျန်းမာရေးဝန်ထမ်းများ၏ စေတနာအပြည့်ကြိုးပမ်းမှု၊ ပြည်သူများ၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း သိသာစွာကျဆင်းလာခြင်း ဖြစ်ပါကြောင်း။ ။

ကြေးမုံ အယ်ဒီတာ့အာဘော်