တပေါင်းလ၏ သဘာဝအလှကို ရှေးစာဆိုတို့က မြတ်နိုးနှစ်သက် လှစွာဖြင့်ဖွဲ့ဆိုခဲ့ကြသည်။ ပူသောရာသီတွင် အအေးဓာတ် ကလည်း ပျောက်မသွားသေး။ ကောင်းကင်သည် ကြည်လင်၍ သစ်ပင်သစ်တောတို့တွင် ရွက်သစ်နု ပုရစ်ဖူးတို့ဖြင့် အလှဆင်ထား သည်။ မြန်မာတို့က တပေါင်းကို လအားလုံးတွင် အသာယာဆုံး လဟု ရှုမြင်ခံစားကြသည်။
“ရတုကောင်းစွာ၊ ဤအခါကား၊ သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ ဖြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကျူး၊ မင်းလွင် မြူးသား၊ နွေသရစ်၊ အခါဖြစ်၍”ဟူသော ဖွဲ့ဆိုမှုများပါသည့် ဂါထာခြောက်ဆယ်ဖြင့် တပေါင်းလ၏ ခရီးလမ်းပန်းသာယာပုံ များကို ကာဠုဒါယီမထေရ်က ဖွဲ့ဆိုကာ မြတ်ဗုဒ္ဓဘုရားရှင်အား ခမည်းတော်သုဒ္ဓေါဒနမင်းကြီးရှိရာ ကပိလဝတ်ပြည်သို့ ကြွပါရန် လျှောက်ထားခဲ့သည်။ ဗုဒ္ဓဘုရားရှင်ကလည်း လက်ခံတော် မူကာ တပေါင်းလပြည့်နေ့တွင် ကပိလဝတ်ပြည်သို့ ကြွတော်မူ ခဲ့သည်။ ဗုဒ္ဓဘုရားရှင် ပြည်တော်ဝင်သည့် တပေါင်းလပြည့်နေ့သည် ဗုဒ္ဓသာသနာ သမိုင်းတွင် ထူးခြားသည့်ဖြစ်စဉ် ကြီးများကိုလည်း ပေါ်ထွန်းစေခဲ့သည်။ ယင်းတို့မှာ နိဆေဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း၊ သာကီဝင်မင်းမျိုးတို့၏ မာန်မာနကို နုတ်ပယ်သောအားဖြင့် ပေါက္ခရဝဿမိုးရွာသွန်းစေခြင်း၊ ဂါထာ ၁၀၀၀ ဖြင့် တန်ဆာ ဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း၊ မဟာဓမ္မပါလဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်မင်းကြီး အနာဂါမ်တည်ခြင်း၊ မိထွေးတော်ဂေါတမီ သောတာပန် တည်ခြင်း၊ ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကြီး ဟောကြားခြင်း၊ ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသားရဟန်းဖြစ်ခြင်း၊ သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘဝသို့ ရောက်ရှိခြင်း၊ သာကီဝင် မင်းသား ၁၀၀၀ ရဟန်းဘောင်ဝင်ခြင်း၊ ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့ မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ “ ကုလပ္ပသာဒ- ဧတဒဂ်” ကို ချီးမြှင့်ခြင်း၊ အရှင် သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓဝင်ဒေသနာကို ဟောကြားခြင်း တို့ပင်ဖြစ်သည်။
တပေါင်းလသည် ဥတုသပ္ပါယမျှတပြီး ဗုဒ္ဓသာသနာသမိုင်း ကြောင်းတွင်လည်း ထင်ရှားသည့် လဖြစ်သည့်အားလျော်စွာ ရှေးမြန်မာမင်းများလက်ထက်ကပင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို အစဉ်အလာကြီးမားစွာ ကျင်းပခဲ့သည်။ မျက်မှောက် ကာလတွင်လည်း နိုင်ငံတော်အဆင့် အခမ်းအနားကြီးအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် တစ်ချိန်တည်း ကျင်းပသွားပြီး ပြည်တွင်း ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦး တို့ကို ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းသည် သဗ္ဗညုဘုရားရှင်၏ ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဓ သာသနာသုံးရပ်သန့်ရှင်းစင်ကြယ်ရေး၊ အဓွန့်ရှည်ကြာ တည်တံ့ရေး၊ ကောင်းစွာပြန့်ပွားထွန်းကားရေးအတွက် အားထုတ်ကြိုးပမ်းကြကုန်သော ရဟန်း ပုဂ္ဂိုလ်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဆက်ကပ်လှူဒါန်းခြင်းဖြင့် သာသနာတော်ကို ချီးမြှောက်ပူဇော်ခြင်း ပင်ဖြစ်သည်။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်း အနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာ အခမ်းအနား တို့သည် နိုင်ငံတော်၏ ဘာသာ သာသနာ ယဉ်ကျေးမှုပြယုဂ် ဖြစ်သကဲ့သို့ လောကုတ် လောကီနှစ်လီသော အကျိုးတို့နှင့်အတူ အတွင်းအပ ဘေးအပေါင်း ရန်အပေါင်းတို့ ကင်းစင်ကာ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာယာဝပြောနိုင်ပါစေကြောင်း။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်