မြန်မာနိုင်ငံတွင် လူငယ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်သော အသက် အပိုင်းအခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်သည်။ ယင်းအသက်အပိုင်းအခြားအတွင်းရှိသော လူငယ်များက မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်းတည်ဆောက်လျက်ရှိရာတွင် ယနေ့ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်တာဝန်ယူ သွားကြရမည့်သူများ ဖြစ်သည့် အလျောက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန် လိုအပ်သည်။
လူငယ်များကို အနာဂတ်တွင် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးနှင့် လူတစ်လုံးသူတစ်လုံး ဖြစ်လာစေရေးတို့တွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးရေးကို ခေတ်အဆက်ဆက်တွင် အစိုးရအသီးသီးတို့က မူဝါဒများ ချမှတ် ဆောင်ရွက်ခဲ့ကြသည်။ လူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်များ ပညာရည်မြင့်မားရေး၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူငယ်များ ပေါင်းသင်းဆက်ဆံရေးနှင့် အဖွဲ့အစည်း များတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ လူငယ်များ ဥစ္စာဓန ရှာဖွေစုဆောင်းခြင်း၊ စွန့်ဦးတီထွင်ခြင်း အတွေးအမြင်များ ရရှိရေးတို့အတွက် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များ ရေးဆွဲအကောင်အထည် ဖော်ခဲ့ကြခြင်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဂရုပြုသင့်သည့်အချက်မှာ လူငယ်တို့၏ လိုအပ်ချက်များ၊ လိုလားချက်များ၊ အဆိုပြုချက်များ၊ အမြင်များကို ရယူရန်နှင့် ဦးဆောင်အကောင်အထည်ဖော်မှု ကဏ္ဍများတွင် လူငယ်များ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရန် အခွင့်အလမ်းများ ဖော်ဆောင်ခွင့်ပေးရန်ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူငယ်ဦးရေ တစ်ဘီလီယံခန့်ရှိပြီး ကမ္ဘာ့ လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့် ရှိရာ လူငယ်အနည်းစုသည်သာ လူ့အသိုက်အဝန်းတွင် ဝင်ဆံ့နိုင်ခြင်း၊ ပညာသင်ယူ နိုင်ခွင့်နှင့် သတင်းအချက်အလက်၊ နည်းပညာဗဟုသုတနှင့် ဝန်ဆောင်မှုတို့ ရရှိနေပြီး လူငယ်အများစုမှာမူ ဆင်းရဲနွမ်းပါးခြင်း၊ ပညာသင်ယူနိုင်သည့် အခြေအနေမရှိခြင်း၊ ပညာရေးနိမ့်ကျခြင်း၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများမရခြင်း၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုများ၊ နိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများ စသည့်ပြဿနာ များစွာတို့နှင့် ရင်ဆိုင်နေကြရသည်။ မိမိတို့နိုင်ငံ၏ ပစ္စုပ္ပန်ကာလတွင် ကြုံတွေ့နေရသော အခြေအနေများအရ နိုင်ငံတစ်ဝန်း၌ ရှိနေသော လူငယ်များအတွင်း အထက်ဖော်ပြပါ ပြဿနာ တို့နှင့် ရင်ဆိုင်နေရသည့် လူငယ်များမှာ တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက်နှင့် ဝေးလံခေါင်ဖျား ဒေသများစွာတို့တွင် အများအပြား ရှိနေမည်ဖြစ်သည်။
အထူးသဖြင့် နိုင်ငံ့လူဦးရေ၏ ၃၃ ဒသမ ၈၁ ရာခိုင်နှုန်းရှိနေသော လူငယ်ထု၏ ပျမ်းမျှ ပညာရေးအဆင့်မှာ အခြေခံပညာ အလယ်တန်းအဆင့်မျှသာဖြစ်ရာ ရေတိုတွင် ၎င်းတို့အား အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ကျွမ်းကျင်လုပ်သား ဈေးကွက်တို့နှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း၊ ရေရှည်တွင် အဆင့်မြင့်ပညာရေးကို တက်ရောက်သင်ကြားနိုင်မှု မြင့်မားလာစေရန်နှင့် ပျမ်းမျှ ပညာရေး အဆင့်မြင့်လာစေရန် ဆောင်ရွက်ခြင်းတို့ကို ဗလငါးတန် ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ယှဉ်တွဲ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိကာလတွင် ရင်းနှီးမြှုပ်နှံမှုကောင်းစွာ ပြုလုပ် နိုင်မှသာ နိုင်ငံအတွက် အဆင့်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ကို လုံလုံလောက်လောက် ရရှိနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာပင် ကမ္ဘာ့နိုင်ငံ အသီးသီးတို့ကလည်း ၎င်းတို့၏ လူငယ်ဆိုင်ရာ မူဝါဒများနှင့်အညီ လူငယ်များ ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးတို့ ဆောင်ရွက်လျက်ရှိရာ အနာဂတ်ကမ္ဘာတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် မြန်မာ့လူငယ်များ ဗလငါးတန် အားကောင်းမောင်းသန်ဖွံ့ဖြိုးစေရန် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ပါစေကြောင်း။ ။