Skip to main content

စွမ်းရည်ပြည့်ဝသည့်တပ်မတော် အန္တရာယ်ရန်စွယ်တွန်းလှန်တိုက်ဖျက်

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူထဲမှ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်သည်။ ၂၀ ရာစုအစတွင် ဗြိတိသျှကိုလိုနီ လက်အောက်သို့ကျရောက်ခဲ့သော မြန်မာနိုင်ငံအား နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်ရင်း ဗမာ့ လွတ်လပ်ရေးတပ်မတော်ဟူ၍ စတင်သန္ဓေတည်ခဲ့သည်။ ထိုမှတစ်ဆင့် ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး လွတ်လပ်ရေးရသောအခါ မြန်မာ့တပ်မတော်အဖြစ် ပြောင်းလဲခဲ့သည်။

ဆိုရပါလျှင် နှစ်ပေါင်းထောင်ချီ တည်ထွန်းခဲ့သည့် အမိမြန်မာနိုင်ငံတော်ကြီး ရှေးအစဉ်အဆက် တည်တံ့ခိုင်မြဲလာအောင် ကာကွယ်စောင့်ရှောက်ခဲ့ပါသည်။ ရန်သူတို့ကို ရဲစွမ်းသတ္တိအပြည့်ဖြင့် အံ့မခန်းတိုက်ခိုက်နိုင်စွမ်းရှိသည့် မြန်မာစစ်သည်တော်များ၏ ချီးကျူးဖွယ်ရာသတ္တိများကို သမိုင်းမော်ကွန်းရေးထိုးထားသည်။ အင်အားတောင့်တင်းသော ရှေးမြန်မာ့တပ်မတော် ထူထောင်နိုင်ခဲ့၍ ဝန်းကျင်တစ်ခွင်တွင် မော်ကြွားထည်ဝါစွာရပ်တည်နိုင်ခဲ့ပြီး ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဟူ၍ အင်ပါယာနိုင်ငံတော် ထူထောင်နိုင်ခဲ့သည်။

တပ်မတော်သည် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်ရေးအတွက် တိုက်ပွဲများစွာဝင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်သော နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်ရေးအတွက် အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသည်။ လွတ်လပ်ပြီးခေတ်တွင်လည်း နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်တွင်းသောင်းကျန်းသူ များ၏ အန္တရာယ်၊ ပြည်ပကျူးကျော်သူ တရုတ်ဖြူကူမင်တန်များ၏ အန္တရာယ်များကို တွန်းလှန်ဖယ်ရှားချေမှုန်းခဲ့ရသည်။ မြန်မာ့တပ်မတော်သည် ကာကွယ်ရေး သာမက လိုအပ်ပါက အမျိုးသားရေးတာဝန်များကိုပါ ကျေပွန်စွာထမ်းရွက်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ကာလတွင် ရန်ကုန်အစိုးရဟုခေါ်ရလောက်အောင် တိုင်းပြည်ကို ဖျက်ဆီးသည့်သောင်းကျန်းသူများ၏ အန္တရာယ်အသွယ်သွယ်တို့ကို တိုက်ခိုက်ချေမှုန်းခဲ့ရသည်။ ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ်များ ကျရောက်လာသောအခါတွင်လည်း မလွှဲမရှောင်သာဘဲ နိုင်ငံတော်၏တာဝန်ကိုရယူပြီး ကာကွယ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ်၌ နိုင်ငံ တစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းလာချိန်တွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များလုံခြုံရေးကို တာဝန်ယူစောင့်ရှောက်ခဲ့ရသည်မှာလည်း တပ်မတော်ပင်ဖြစ်သည်။ မျက်မှောက်ကာလ ဒီမိုကရေစီစနစ် ယိမ်းယိုင်ချည့်နဲ့အောင် ပြုလုပ်သည့်အန္တရာယ်ကိုလည်း ကာကွယ်ခဲ့ရသည်။

ခေတ်အဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် တပ်မတော်၏အခန်းကဏ္ဍသည် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တပ်မတော်သည် ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။ ကမ္ဘာ့နိုင်ငံရေး ပထဝီအနေအထားအရ တပ်မတော်၏ စွမ်းပကားမြင့်မားစေရေးနှင့် အစဉ်ရှင်သန် ထက်မြက်နေစေရေးအတွက် အရည်အသွေးရော အရေအတွက်ပါ အစဉ်တိုးမြှင့်နေရန် လိုအပ်ပါသည်။ ခေတ်မီပြီး အင်အား တောင့်တင်းသည့် အရည်အသွေးပြည့်ဝ၍ စွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်လာစေရန်၊ နိုင်ငံသားများအားလုံးပါဝင်သည့် တပ်မတော်တည်ဆောက်နိုင်ရန် ရည်မှန်းတည်ဆောက်လျက် ရှိသည်။

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ဦးလည်မသုန် ထမ်းရွက်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ နှင့် အမျိုးသားရေးဆိုင်ရာ ဝံသာနုရက္ခိတတရားများကို အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားရန်နှင့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာမည့် အန္တရာယ်များအား ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်သည်။ တပ်မတော်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများကို စွက်ဖက်ခြင်း မပြုသကဲ့သို့ ပြည်ပနိုင်ငံများ၏ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှု၊ မိမိနိုင်ငံ၏ ပြည်တွင်းရေးရာများကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံအသုံးပြု၍ ဝင်ရောက်စွက်ဖက်မှုတို့ကို ရဲဝံ့ ထိရောက်စွာ ကာကွယ်သွားမည့် မူဝါဒများချမှတ်ထားသည်။

သို့ဖြစ်ရာ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ တပ်မတော်ကို တိုင်းရင်းသား ပြည်သူအားလုံးပါဝင်သည့် ကာကွယ်ရေးစွမ်းအား ဖြစ်လာအောင်ရည်မှန်း၍ ခေတ်မီပြီး စွမ်းရည် ပြည့်ဝသည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နှင့် နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက်ကာ ခေတ်မီတပ်မတော်အဖြစ် ကြိုးပမ်းတည်ဆောက်ပြီး ပြည်တွင်းအဖျက်အန္တရာယ်များ၊ ပြည်ပ အင်အားကြီးနိုင်ငံတို့၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု၊ ခြိမ်းခြောက်မှုများကို တွန်းလှန်ကာကွယ် တိုက်ဖျက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။