Skip to main content

နိုင်ငံ့စီးပွားရေးဦးမော့လာရေး ရည်မှန်းဆောင်ရွက်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကိုအခြေခံပြီး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရည်မှန်းချက်မှာ နိုင်ငံသာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဖြစ်၍ နိုင်ငံ့စားနပ်ရိက္ခာလောက်ငဖူလုံပိုလျှံအောင် ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်လျှော့ချ၍ ပြည်ပပို့ကုန်တိုးတက်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။

“ယခုအချိန်သည် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ဖြစ်သည့်အတွက် အစိုးရ၏ အသုံးစရိတ်သုံးစွဲမှုများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများကို အထောက်အကူပြု နိုင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူတို့၏ လူမှုစီးပွားမြင့်မားတိုးတက်ရေး၊ တစ်ဦးချင်း ဝင်ငွေတိုးမြင့်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်ရေး စသည်များကို ဦးတည်ရည်မှန်းချက်ထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း” ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြား ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် နိုင်ငံတော်၏ မက်ခရိုစီးပွားရေး အခြေအနေပြညွှန်းကိန်းများအရ အရအသုံးခန့်မှန်းခြေငွေစာရင်းလိုငွေနှင့် ဂျီဒီပီအချိုးကို ရှိသင့်သည့်ပမာဏ အတိုင်းအတာ အတွင်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ အသုံးစရိတ်များကို ခြိုးခြံချွေတာဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို မဖြစ်မနေသုံးစွဲလျက်ရှိသည်။ တစ်ဖက်တွင် နိုင်ငံ့စီးပွားရေးတိုးတက်မြင့်မားလာအောင် ပြည်ပသွင်းကုန်များကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

နိုင်ငံတော်၏ စီးပွားရေးနှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့သည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ဖြစ်၍ ဦးတည်သည့်အတိုင်း အောင်မြင်စေရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် အတိုင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အားပေးကူညီခြင်း၊ စိုက်ပျိုးထုတ်လုပ် မွေးမြူသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်ပစ္စည်းများကို အထွက်နှုန်းကောင်းပြီး စံချိန်စံညွှန်းအရည်အသွေး ရှိသည့် ဈေးကွက်ကုန်ပစ္စည်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ထုတ်လုပ်နိုင်ခြင်း အားဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးတက် လာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို ယခုထက် အားကောင်းအောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှု ပိုမိုတိုးတက် မြင့်မားလာမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေး များစွာတိုးတက်အောင်မြင်လာမည် ဖြစ်သည်။ ထိုအခါ ပြည်သူများ၏ စီးပွားရေးကို ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ပြီး နိုင်ငံသည်လည်း သာယာဝပြောလာမည် ဖြစ်သည်။

လက်ရှိတွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် ပြည်ပသွင်းကုန်စိစစ်တင်သွင်း ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်ပသွင်းကုန်လျှော့ချရာတွင် ပြည်သူများအတွက် မဖြစ်မနေလိုအပ်သော ကုန်ပစ္စည်းများကိုသာ တင်သွင်းရန် လိုအပ်ပြီး ကုန်ပစ္စည်းပြတ်လပ်မှုကိုအကြောင်းခံ၍ ဈေးနှုန်းတက်မလာအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေး ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်နေသည့်အခါ၌ နိုင်ငံတော်အပိုင်းမှ ခြိုးခြံချွေတာ သုံးစွဲသင့်သည်များကို သုံးစွဲလျက်ရှိပြီး ပြည်သူများအပိုင်းကလည်း မဖြစ်မနေသုံးစွဲသင့်သည်တို့ကိုသာ လိုသလောက် သုံးစွဲရန်အကြံပြုပါသည်။ နိုင်ငံတော်နှင့်အတူ အဘက်ဘက်တွင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါလျှင် မြန်မာနိုင်ငံ၏စီးပွားရေးသည် မလွဲမသွေ ပြန်လည်ဦးမော့လာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် ခြိုးခြံချွေတာသုံးစွဲရေး၊ ပြည်ပသွင်းကုန်လျှော့ချရေး၊ ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်ရေးတို့ကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ အယ်ဒီတာ့အာဘော်