နေပြည်တော် မတ် ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် သည် ယမန်နေ့ နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း ခရီးသွား လှုပ်ရှားမှုများ ဖြစ်သည့် တောတွင်း လမ်းလျောက်ခြင်း၊ ခရီးကြမ်း စက်ဘီးစီးခြင်း၊ ဂေဟ စနစ်ခရီးသွား လုပ်ငန်းများ ဖြစ်သည့် လိပ်ပြာလေ့လာခြင်း၊ သစ်ခွလေ့လာခြင်းများနှင့် ငှက်ကြည့်ခြင်းများအား ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားစေမည့် အစီအစဉ်များဖြင့် ဖော်ဆောင်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ပြင်ဦးလွင် မြို့နယ်တွင် လုပ်ဆောင်နေသော အမှိုက် ကင်းစင်ရေးဆောင်ရွက်နေမှုများ၊ ကျောင်းများတွင် အမှိုက်ကင်းစင်ရေး အသိပညာပေး ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
(သတင်းစဉ်)