နေပြည်တော် ဒီဇင်ဘာ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ မင်းကုန်းကျေးရွာနှင့် ဝါးယားကုန်းကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းကုန်း-ဝါးယားကုန်းကျေးရွာ ချင်းဆက်လမ်း ပေ ၃၉၀၀ ကွန်ကရစ်ခင်းခြင်းနှင့် အမာခံလမ်း ပခုံးဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီး ရေးဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းကျေးရွာသို့သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းအရှည် ၂ ဖာလုံ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
