ဟားခါး ဇန်နဝါရီ ၆
၂၀၁၉ ခုနှစ် Myanmar Idol Winner Ester Dawt Chin Sung အား ကြိုဆိုပွဲနှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ချင်းပြည်နယ် ဟားခါးမြို့၌ ဇန်နဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
Myanmar Idol ၏ ပထမဦးဆုံးအမျိုးသမီး Winner ဖြစ်သူ Ester Dawt Chin Sung သည် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီခန့် တွင် ဟားခါးမြို့သို့ ရောက်ရှိလာရာ ဟားခါးမြို့သစ်ဖြစ်သော ဟားခါးထန်ရပ်ကွက်၊ (၄)လမ်းဆုံနေရာ၌ လည်းကောင်း၊ ဟားခါးမြို့သစ် (၃) လမ်းဆုံ (ထန်တလန် လမ်းဆုံ)နေရာ၌ လည်းကောင်း ဟားခါးမြို့ရှိသူမ၏ ပရိသတ်များ၊ ဆွေမျိုးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြပြီး ညနေ ၅ နာရီခန့် အချိန်တွင် ဟားခါးမြို့ Carson Hall ခန်းမ၌ မြို့မိမြို့ဖများနှင့် ဒေသခံများက ပန်းစည်းများ၊ ပန်းကုံးများဖြင့် ကြိုဆိုကာ ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် သိက္ခာတော်ရ ဆရာတော် Rev.Ram Cung က အဖွင့်ဆုတောင်းပေးခဲ့ပြီး ချင်းပြည်နယ် လွတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တို့က အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ချင်းတိုင်းရင်းသားများက ချင်းရိုးရာအကများဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မြို့မိမြို့ဖဖြစ်သူ ဦးထလာဟရဲက ပြည်နယ်ဂုဏ်ဆောင် ၂၀၁၉ Myanmar Idol Winner Ester Dawt Chin Sung အား ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် Pastor Lai Cung တို့က ဂုဏ်ပြုမှတ်တမ်းနှင့် အမှတ်တရ လက်ဆောင်ပစည်းများပေးအပ်ပြီး ၂၀၁၉ ခုနှစ် Myanmar Idol Winner Ester Dawt Chin Sung က တစ်ကိုယ်တော် တေးသီချင်းများဖြင့် ပြန်လည်သီဆိုဖျော်သည်။ ယင်းနောက်တက်ရောက် လာကြသူများက အထူးဆုတောင်း၍ ကောင်းချီးပေးခဲ့ကြသည်။
ဆက်လက်ပြီး ဇန်နဝါရီ လ ၆ ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးစီးကျင်းပသည့် ဂုဏ်ပြုပွဲအခမ်းအနားကို နံနက် ၉ နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးဝင်းမြင့်ကျော်၊ ပြည်နယ်ဥပဒေချုပ်ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်က Winner ဆုရှင် Ester Dawt Chin Sung အတွက် ဘုရားသခင် ကောင်းချီးပေးပါစေကြောင်း၊ ဆက်လက်ပြီး အောင်မြင်မှုများရရှိကာ ပြည်နယ်၏ ဂုဏ်ကိုတိုး၍ မြှင့်တင်ပေးနိုင်ပါစေ ကြောင်းနှင့် ပြည်နယ်၏ ကိုယ်စားအထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုချီးမွမ်းစကား ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှချီးမြှင့်သည့် ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးက ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှချီးမြှင့်သည့် ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း ပေးအပ်ချီးမြှင့်ရာ Winner Ester Dawt Chin Sung က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)