တစ်ကမ္ဘာလုံး ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှစ၍ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းလာခဲ့ရာ အခြားနိုင်ငံများ နှင့်နှိုင်းစာလျှင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြတ်ကျော်လာနိုင်ခဲ့သည်။ ကပ်ရောဂါဘေးကို ကျော်ဖြတ်ရာ၌ နိုင်ငံတော်အစိုးရ၏ အနီးကပ်ကြီး ကြပ်လမ်းညွှန်မှု၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ၏ တက်တက် ကြွကြွဆောင်ရွက်မှုနှင့် ပြည်သူများ၏ အသိတရားဖြင့် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်မှုတို့ကြောင့် အကောင်းဆုံးအနေ အထားသို့ရောက်လာခဲ့သည်။
ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် စတင်ကြုံတွေ့ခဲ့ပြီး ပိုးတွေ့ရာခိုင်နှုန်းအများဆုံးအဖြစ် ၁၈ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည်။ ကိုဗစ်-၁၉ တတိယလှိုင်းမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လကုန်တွင် ဖြစ်ပွားလာခဲ့ပြီး ပိုးတွေ့ရာခိုင်နှုန်း အများဆုံးဖြစ်ပွားမှုမှာ ၄၀ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံး အချိန်ကာလဟု ဆိုရမည်ဖြစ် သည်။ စတုတ္ထလှိုင်းဖြစ်ပွားမှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်မှ စတင်ဖြစ်ပေါ်လာခဲ့ပြီး ပိုးတွေ့ရာခိုင်နှုန်းအများဆုံး အဖြစ် ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လပထမပတ်ကျော်မှစ၍ ပိုးတွေ့ရာခိုင်နှုန်း တဖြည်းဖြည်းကျဆင်းလာပြီး ယခုမတ်လကုန်တွင် ပိုးတွေ့မှု နှုန်း တစ်ရာခိုင်နှုန်းကျော်ကျော်သာရှိတော့သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအားလုံး ကြုံတွေ့နေရခြင်းဖြစ်သည်။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပြီး အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။ အခြေ အနေကောင်းသို့ ရောက်ရှိလာသောအခါ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေရေး၊ ရပ်တန့်တုံ့ ဆိုင်းနေသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေး၊ ပြည်သူများ လူမှုဘဝအဆင်ပြေစေရေးအတွက် ကိုဗစ်-၁၉ ကူးစက် ရောဂါကို သတိထားပြီး လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လှုပ်ရှားလာနိုင်ရေးနှင့် ပြည်သူများ လူမှုဘဝများ အစဉ်အလာမ ပျက်ပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ကျန်းမာရေး စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်း နေသော်လည်း အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနှုန်း မြင့်မားနေဆဲဖြစ်၍ ရောဂါဖြစ်ပွားနေမှုများကို သတိမူပြီး ပြည်သူ များ၏ လူမှုစီးပွားဘဝများ အဆင်ပြေလာအောင် သတိတရားလက်ကိုင်ထား၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအခါတွင် အခြေခံပညာ စာမေးပွဲရာသီများလည်း ပြီးစီးတော့မည်ဖြစ်ပြီး မကြာမီကာလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာပွဲတော်ဖြစ်သော မဟာ သင်္ကြန်ကာလ သို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ ထို့ကြောင့် ခရီးသွား လုပ်ငန်းများ၊ လူစုလူဝေးနှင့်ပွဲတော်များကို ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ဤနေရာတွင် အထူးသတိပြုရမည်မှာ လူအများစု ဝေးသွားလာ လှုပ်ရှားမှုများ ပြုလုပ်ရာ၌ ယခု ကာလအတွင်း အလစ်အငိုက်ချောင်းမြောင်း တိုက်ခိုက်ဖျက်ဆီးနေသော အကြမ်း ဖက်အဖျက်သမားအန္တရာယ်များကိုလည်း မျက်ခြည်မပြတ်သတိကပ်၍ ဝိုင်းဝန်း ပူးပေါင်း လက်တွဲတိုက်ဖျက်သွားရမည်ဖြစ်သည်။
အကြမ်းဖက်အဖျက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ သာယာ ဝပြောမှုနှင့် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် သွားလာလှုပ်ရှားလုပ်ကိုင်နေကြ သည်များကို မရှုဆိတ်နိုင်ဘဲ မြို့ရွာများအတွင်းမှ အများပြည်သူပိုင်အဆောက်အအုံများ၊ ခရီးသွားလာဆက်သွယ်ရေးဆိုင်ရာများအား နှောင့်ယှက်ဖျက်ဆီးနေကြသည် ကို တွေ့ရမည်ဖြစ် သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေး ချမ်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများ လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် အဘက် ဘက်က ကူညီဖြည့်ဆည်းစောင့်ရှောက်ပေးလျက်ရှိနေသော်လည်း ပြည်သူလူထုကြားတွင် ပုန်းခိုလှုပ်ရှားနေသော အကြမ်းဖက်အဖျက်အန္တရာယ်များအား ပြည်သူများ၏ သတင်းပေးကူညီမှုဖြင့် ကျော်ဖြတ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို စည်းလုံးညီညွတ်စွာဖြင့် အားလုံး ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ခဲ့ကြ၍ အောင်မြင်မှုများရရှိသကဲ့သို့ အကြမ်း ဖက် အဖျက်ရန်စွယ်အန္တရာယ်များကိုလည်း ပြည်သူလူထု ပူးပေါင်းပါဝင် လက်တွဲ ဆောင်ရွက်မှုဖြင့် ဖယ်ရှားရှင်းလင်းနိုင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွား အခြေအနေများ မြင့်မားတိုးတက် လာအောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါ ရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်