Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ဘားအံခရိုင်မီးသတ်စခန်းတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်

ဘားအံ ဇန်နဝါရီ ၆

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ဘားအံခရိုင် မီးသတ် စခန်းဖွင့်ပွဲ တို့ကိုတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လူမှုဝန်ထမ်းရုံးသစ်ဖွင့်ပွဲကို ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ စက်ပစ်ကွင်းလမ်းရှိ အဆိုပါ အဆောက်အဦ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစမ်းစမ်းအေး၊ ကရင်အမျိုးသားကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှ ဒေါက်တာမာတာနှင့် ရင်ခွင့်မဲ့ကလေးသူငယ်လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နော်ဖဲလှစ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြပြီး ထိုအဆောက်အဦသစ်သည် အလျား ၁၀၆ ပေ၊ အနံ ၃၀ ပေ ရှိသော နှစ်ထပ် အဆောက်အဦဖြစ်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် အာရုဏ်သစ်အားမာန်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဘားအံခရိုင်မီးသတ်စခန်းသစ်ဖွင့်ပွဲကို လှာကမြင်(ကွက်သစ်)ရှိ အဆိုပါမီးသတ်စခန်းရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးလှိုင်၊ ပြည်နယ်စာရင်းစစ်ချုပ်ဦးစောလှထွန်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအောင်မြတ်မိုး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဘားအံခရိုင်မီးသတ်စခန်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက ခရိုင်မီးသတ်စခန်းဖွင့်လှစ်နိုင်မှုအတွက် ကျေးဇူးတင် စကား ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် ဘားအံခရိုင်မီးသတ်စခန်းသည် အလျား ၁၃၃ ပေ၊ အနံ ၅၂ ပေနှင့် အမြင့် ၂၆ ပေရှိသော သံကူ ကွန်ကရစ် ၂ ထပ်အဆောက်အဦဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း ၄၃၇ ဒသမ ၈၁၃ သန်းဖြင့် G3 ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံး ၇ ရုံး၊ မြို့နယ်မီးသတ်စခန်း ၇ စခန်း၊ နယ်မြေမီးသတ်စခန်း ၁၁ စခန်းတို့ကို အဆောက်အဦ၊ မော်တော်ယာဉ်များဖြင့် တာဝန်ချထားခဲ့ပြီး ဒေသ၏ လိုအပ်ချက်အရ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး ၁ ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး ၄ ရုံး၊ ခရိုင်မီးသတ်စခန်း ၄ စခန်းနှင့် နယ်မြေ မီးသတ်စခန်း ၁၄ စခန်းတို့ကို ယာယီအဆောက်အဦများတွင် ဖွင့်လှစ်၍ တပ်ဖွဲ့ဝင်များနှင့်ယာဉ်/စက်များကို တာဝန်ချထား၍ နေ့ည တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)