၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်နှင့် နိုင်ငံခြားစာစစ်ဌာန ၂၀ တို့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း သုံးသိန်းခန့်တို့ ဖြေဆိုလျက်ရှိသည်။ ကျောင်းသား ကျောင်းသူတို့၏ ဘဝရှေ့ခရီးအတွက် တက္ကသိုလ်ဝင်စာမေးပွဲက အရေးကြီးသည်မို့ မိဘများနှင့်တကွ မိသားစုကပါ အလေးဂရုပြုကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် မိသားစုဝင် ကျောင်းသူ ကျောင်းသားတို့ကို လိုလေသေးမရှိ ဂရုစိုက်ကြသည်။ အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ကြသည်။
သို့ရာတွင် ကျောင်းသူ ကျောင်းသားများနှင့် မိဘ၊ ဆရာတို့မှာ စာသင်နှစ်တစ်လျှောက်လုံး အခက်အခဲများစွာ၊ ခြိမ်းခြောက်၊ နှောင့်ယှက်မှုများစွာတို့ ကြုံတွေ့ခဲ့ကြရသည်။ စာသင်ကျောင်းများ မီးရှို့ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ကျောင်းစာအုပ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ (အငြိမ်းစားပါမကျန်) ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်းတို့က သမိုင်းစာမျက်နှာတွင် တင်ကျန်ရစ်လိမ့်မည်ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်မဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများစွာနှင့် စာမေးပွဲကျင်းပရန် စာစစ်ဌာန မဖွင့်လှစ်နိုင်သည့် ဒေသများစွာတို့ရှိရာ အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များကို နိုင်ငံရေးဓားစာခံအဖြစ် အသုံးချမှုများက အဓိကလက်သည်များပင် ဖြစ်သည်။
လက်ရှိတက္ကသိုလ်ဝင်စာမေးပွဲကို ကြိုးစားဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြစ်တင်ရှုတ်ချနေသူများ၊ မဟုတ်တမ်းတရမ်း စွပ်စွဲနေသူများ၊ အကြောင်းကြောင်းကြောင့် စာသင်ခန်းကို ကျောခိုင်းခဲ့ရပြီး ပညာရေးတစ်ပိုင်းတစ်စ ရပ်တန့်နေရသူ ကျောင်းသား ကျောင်းသူများအား ပါးစပ်အပြောများဖြင့် မြှောက်ပင့်ပေးနေသူများ၊ စစ်ကျွန်ပညာရေးဟူ၍ မဟုတ်ကဟုတ်က ယိုးမယ်ဖွဲ့ ပြောကြားနေသူများမှာ တစ်ပါတီအာဏာရှင်ဟု ဆိုကြသည့် လမ်းစဉ်ပါတီ ခေတ်၊ နဝတ၊ နယကခေတ်တို့တွင် ပညာသင်ကြား ကြီးပြင်းလာကြသူများသာ ဖြစ်ကြသည်။ နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မည်ဆိုလျှင် နိုင်ငံသားများ ပညာမတတ်၍ မရ။ ရေးတတ်၊ ဖတ်တတ်အဆင့်မျှဖြင့် နိုင်ငံကိုအဆင့်မြင့်မြင့် ထူထောင်ရန်မဖြစ်နိုင်။ ဘာမှမသိ နားမလည်သူများမှာ နိုင်ငံရေးသမားလူလည်များ၏ လှိမ့်လုံး၊ ညာလုံး၊ ဖြီးလုံး၊ ဖျန်းလုံးများကို အဟုတ်ထင်ကာ လူထုကိုယ်စားလှယ်များအဖြစ် ရွေးချယ်၍ လွှတ်တော်များဆီ အရောက်ပို့လိမ့်ဦးမည်။
မိမိတို့နိုင်ငံ၏ပညာရေးမှာ လွန်စွာနိမ့်ကျနေရာ ဒေသတွင်းမှာပင် မယှဉ်နိုင်သည့်အခြေအနေ ဖြစ်နေသည့်အတွက် အမျိုးသားပညာရေး မြှင့်တင်မှုကို အစိုးရအဆက်ဆက် ရေရှည်ဆောင်ရွက် သွားရမှာဖြစ်သည်။ လက်ရှိကျောင်းသား ကျောင်းသူများ သင်ကြားဖြေဆိုနေကြရသည့် သင်ရိုးညွှန်းတမ်းများမှာ အိမ်စောင့်အစိုးရလက်ထက်မှာမှ ပြဋ္ဌာန်းလိုက်ခြင်းမဟုတ်ဘဲ ပြီးခဲ့သည့် အစိုးရများလက်ထက်တွင် သင်ကြားခဲ့သည့် သင်ခန်းစာများနှင့် သင်ရိုးညွှန်းတမ်းများသာ ဖြစ်သည်။ ပညာရေးကို နိုင်ငံရေးအတွက် ဓားစာခံလုပ်ကာ ပန်ထွာဘုရင်မ ဒဏ္ဍာရီထဲကအတိုင်း “ငါလာမှကြီး၊ ငါလာမှသီး” လုပ်ပါက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြီးခွင့်မရသည့် ဗိဿနိုးမှ ပေပင်ကလေးများ ဘဝသို့ ကျရောက်သွားလိမ့်မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများကို နိုင်ငံရေး မျိုးဆက်သစ်များအဖြစ် ပြုစုပျိုးထောင်မည် ဆိုပါကလည်း အဆင့်မြင့်ပညာတတ် နိုင်ငံရေးမျိုးဆက်သစ်များအဖြစ်သာ ပြုစုပျိုးထောင်သွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျောင်းလုံးဝ မနေဖူးသူများ သိန်းနှင့်ချီ၍ရှိနေပြီး သူငယ်တန်းမှ ကျောင်းဝင်သူ ထက်ဝက်ခန့် အလယ်တန်းမပြီးဆုံးမီ ကျောင်းထွက်သွားကြသည်။ တက္ကသိုလ်ဝင်တန်း အောင်သူ၊ ဘွဲ့ရသူ ရာခိုင်နှုန်းမှာလည်း နည်းပါးလှသည်။ နိမ့်ကျနေသည့် အမျိုးသားပညာရေးကို မြှင့်တင်ရန်မှာ ရေတိုအလုပ် မဟုတ်သည့်အပြင် ဆယ်စုနှစ်နှင့်ချီ၍ အဆင့်ဆင့်ဆောင်ရွက်သွားကြရမည်ဖြစ်ရာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် မျိုးဆက်သစ်တို့ကို ပြုစုပျိုးထောင်၍ ပညာရေးမြေတောင်မြှောက်ကြရမည် ဖြစ်ပါကြောင်း။ ။