ကြာအင်းဆိပ်ကြီး မတ် ၁၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကြာအင်းဆိပ်ကြီးမြို့ စာစစ်ဌာနတွင် လာရောက် ဖြေဆို ကြသည့် အခြေခံပညာ အထက်တန်းကျောင်း ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အ-မ-က ၁ ၊ အ-မ-က ၃ ၊ အ-မ-က ၄ ၊ အ-မ-က ၅ ၊ အ-မ-က ၇ကျောင်း များတွင် လာရောက် တည်းခိုနေထိုင်လျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယမန်နေ့ ညနေ ပိုင်းက ကျောင်းသားကျောင်းသူများတည်းခိုရာ စာသင်ကျောင်းများသို့ သွားရောက်၍ စာမေးပွဲအား အကောင်းဆုံး ဖြေဆိုနိုင်စေရေး၊ ကျန်းမာရေး အထူးဂရုပြု နေထိုင်စားသောက်စေရေးအတွက် အားပေး စကား ပြောကြားပြီး ကျောင်းသား ကျောင်းသူများအား အချိုရည်နှင့်မုန့်များကို ပေးဝေခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)