ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၌ (၃၈)ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အသက်(၄၉)နှစ်ရှိ အသည်းရောဂါ လူနာအမျိုးသားနှင့် အသက်(၃၉)နှစ်ရှိအသည်းအလှူရှင် အမျိုးသမီးမောင်နှမတို့အား ဒီဇင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ (၃၉)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအဖြစ် အသက်(၅၈)နှစ်ရှိ အသည်းလူနာအမျိုးသမီးနှင့် အသက်(၂၅)နှစ်ရှိ အသည်းအလှူရှင် သားအမိတို့အား ဒီဇင်ဘာ ၂၁ ရက်တွင်လည်းကောင်း ဆောင်ရွက်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့်အသည်းအလှူရှင် လေးဦးတို့ကို ခွဲစိတ်ပြီး အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သော ပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ပြည်သူ့ဆေးရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်ပါမောက္ခ၊ ဌာနကြီးမှူး (ဆေးလက်တွေ့) ပါမောက္ခဒေါက်တာ မင်းဇော်ဦး ဦးဆောင်သောအဖွဲ့၊ ပါမောက္ခဒေါက်တာ စိုင်းအောင် ညွန့်ဦး ဦးဆောင်သော အသည်းခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာ ဝင်းဝင်းဆွေ ဦးဆောင်သော အသည်းဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ဒေါက်တာ ဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာ အောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားသွေးဌာန) ဒေါက်တာ အယ်ထူးဖေဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံ ကြီး(ခုတင်-၅၀၀)၊ ရန်ကုန်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာအိသန္တာထွေးနှင့် သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ Seoul National University Hospital မှ Professor Kwang Woong Lee က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အသည်းအစားထိုး ခွဲစိတ်ကုသမှုများကို အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ရန်ကုန်မြို့၌ ၂၀၀၄ ခုနှစ်တွင် တစ်တွဲနှင့် ၂၀၀၉ ခုနှစ်တွင် တစ်တွဲ၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့၌ ၂၀၁၅ ခုနှစ်တွင် တစ်တွဲ၊ ၂၀၁၆ ခုနှစ်တွင်လေးတွဲ၊ ၂၀၁၇ ခုနှစ်တွင် ခြောက်တွဲ၊ ၂၀၁၈ ခုနှစ်တွင် ၁၁ တွဲ၊ ၂၀၁၉ ခုနှစ်တွင် ၁၀ တွဲ၊ ၂၀၂၃ ခုနှစ်တွင် တစ်တွဲ၊ ၂၀၂၄ ခုနှစ်တွင် နှစ်တွဲ၊ ယခု ၂၀၂၅ ခုနှစ်တွင် နှစ်တွဲ စုစုပေါင်း ၃၉ တွဲကို ခွဲစိတ်ကုသမှုဆောင်ရွက်ပြီး ဖြစ်သည်။
ယခုကဲ့သို့ ပြည်တွင်း၌ အသည်းအစားထိုးခွဲစိတ် ကုသမှုများကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြည်သူများ အတွက် လိုအပ်သော ကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်သည့်အပြင် ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှု ပိုမိုတိုးတက်ကောင်း မွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းစီမှ စိုက်ထုတ်သုံးစွဲရငွေ လျော့ကျစေမည်ဖြစ်ကြောင်းနှင့် အသည်းအစားထိုးကုသမှုများ ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
