မြစ်ကြီးနား မတ် ၁၁
ကချင်အနုပညာရှင်များ အသင်းချုပ်မှ ဦးဆောင်ကျင်းပသော ကချင်ရုပ်ရှင်နှင့် ဗီဒီယိုလောက၏ ကနဦး စွမ်းဆောင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များအား တွေ့ဆုံဂါရဝပြုခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၆) နာရီတွင် မြစ်ကြီးနားမြို့၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး တိုးတက်လာမှုကို ၎င်းတို့၏ အနုပညာ အဆင့်အတန်းကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါကြောင်း၊ ကချင်ရုပ်ရှင်နဲ့ ဗီဒီယို လောကကို ၁၉၈၂ ခုနှစ်မတိုင်ခင်က စတင်ခဲ့ကြပြီး ယနေ့အထိ ရပ်တည်နိုင်ခြင်းသည် အောင်မြင်မှုရရှိတယ်လို့ ဆိုနိုင်ပါကြောင်း၊ ရုပ်ရှင်ဗီဒီယိုလောကအပြင် တေးဂီတပိုင်းတွင်လည်း ကျွန်တော်တို့ ကချင်တိုင်းရင်းသားများဟာ အောင်မြင်ထွန်းပေါက်နေတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အနုပညာလောက သားများအနေဖြင့် ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း၊ အနုပညာမောင်နှမများ အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံအဆင့်၊ အရှေ့တောင်အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင် မျှော်မှန်းချက် ကြီးစွာထားပြီး ကြိုးစားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း အနုပညာရှင်များနှင့် အတူ တတ်နိုင်သလောက် အတူတကွလက်တွဲပြီး ရုပ်ရှင်ဗီဒီယိုလောက တိုးတက်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်သလို အနုပညာရှင်များကလည်း မိမိတို့ ပြည်နယ်၊ မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ကချင်ရုပ်ရှင်နှင့် ဗီဒီယိုလောကတွင် ထူးချွန်စွာ စွမ်းဆောင်ပေးနိုင်ခဲ့ကြသည့် ဆောင်ရွက်ပေး နိုင်ခဲ့ကြသည့် သရုပ်ဆောင် ဇာတ်ပို့မင်းသား၊ မင်းသမီးများ၊ ဇာတ်ညွှန်း၊ ကင်မရာနှင့် ထုတ်လုပ်သူများ၊ ဒါရိုက်တာနှင့် အနုပညာလက်ဆင့်ကမ်း ဦးဆောင်သူများ၊ ကချင်ရုပ်ရှင်လောက၏ ပထမဆုံး ထုတ်လုပ်ခဲ့သော အဖွဲ့သားများ၊ ကချင်ရုပ်ရှင်လောကအား ကူညီပံ့ပိုးပေးခဲ့ကြသော အတတ် ပညာရှင်များ၊ မြန်မာ့ရုပ်ရှင်လောကတွင် ပထမဦးဆုံး သရုပ်ဆောင်ခဲ့ကြသော ကချင်တိုင်းရင်းသား သရုပ်ဆောင်များနှင့် ဇာတ်ဆောင်မင်းသမီး၊ မင်းသားဆုများအပြင် ကချင်တိုင်းရင်းသား လူငယ်များအား မြေတောင်မြှောက် ချီးမြှင့်ပေးသည့်အတွက် ကျေးဇူတင်ဂါရဝဆု၊ ကွယ်လွန်သွားသော အနုပညာရှင်များအား အောက်မေ့သတိရ ဂုဏ်ပြုခြင်းအပါအဝင် မျိုးနွယ်စုများ၏ အနုပညာ ရှင် အဖွဲ့များအား ဂုဏ်ပြုခြင်းများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများနှင့် ကချင်အနုပညာရှင်များအသင်းချုပ်မှ တာဝန်ရှိသူ များက ဂုဏ်ပြုဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြည်/နယ်-ပြန်/ဆက်