နေပြည်တော် မတ် ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ နိုင်ငံ သံအမတ်ကြီး Mr. Francois Lafreniere ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ဆောင်ရွက် နေမှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရန်အတွက် စေ့စပ်ညှိနှိုင်းရေး ကော်မတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်မည့်အခြေအနေ၊ တိုက်ပွဲရှောင် မဲဆန္ဒရှင်များနှင့် ရွှေ့ပြောင်းလုပ်သားမဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ Social Media ပေါ်မှ အမုန်းစကားများ၊ သတင်းအမှားများကို ကာကွယ်တားဆီးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)